Tuesday, May 11, 2010

ကောင်းရာသုဂတိလားပါစေ . . . မသက်ဝေ

ကောင်းရာသုဂတိလားပါစေ . . . မသက်ဝေ

ချက်ချင်းကြီးပါလား

ဘာကြောင့်နှုတ်မဆက်သွားတာလဲမသက်ဝေ

မြင့်မိုရ်ဦးတွေရဲ့

မဆန့်မပြဲအိပ်မက်တွေကိုထမ်းပိုးရင်း မသက်ဝေတစ်ယောက်

လမ်းလျှောက်ရင်းရေနစ်ရရှာပြီ။

သွားလိုက်ပြီလား မသက်ဝေ

ကျနော့်ကိုတောင်မစောင့်ဘူး

လူမိုက်ကလေးရဲ့အမျှဝေသံ

သန်းခေါင်ယံကလည်း ကြားနိုင်ပါစေ

မသက်ဝေ. . . .။

မတော်တဆတွေများတယ်

မတော်တဆတွေသိပ်များတယ်

မတော်တဆ . . . နှင်းဆီတစ်ပွင့်ဆူးစူးသွားတယ်

တကယ့်ကို မတော်တဆတဲ့လား

တယုတယထုပ်ပိုးထားတာတွေလည်း

ပြန့်ကျဲပွင့်ဝေခဲ့ရပြီ

အလွမ်းဆိုတာ

ကောင်းကင်အမှားကြီးနဲ့

ပွင့်လာတဲ့နက္ခတ်ပါပဲ မသက်ဝေရယ်။

မိုးတိမ်တို့ထစ်ချုန်း

မြက်ရိုင်းတို့ရုန်းကြွ

နံနက်ခင်းက သိပ်ကြောက်စရာကောင်းနေတယ်

နောင်ဘ၀ဆိုတဲ့စကားကို

ဒီဘ၀မှာကြားနေရတာ သိပ်ခါးတာပဲမသက်ဝေရယ်။

တောင်းပန်ပါတယ်မသက်ဝေ

ဝိဥာဉ်တော်နဲ့မထိုင်တန်တဲ့ကောင်

ခုတော့ . . .

ညိုမှောင်ကွဲရှခဲ့ရပြီပဲ ။

ရောက်ရာအရပ်က သာဓုအကြိမ်ကြိမ်ခေါ်ပါမသက်ဝေ. . . ။

ကောင်းရာသုဂတိ လားပါစေ. . . . . . . .။

ဒီလိုနဲ့ ဘ၀တစ်ခြမ်းစီ ဝေး. . . ဝေး. . . ဝေး . . . သွား. . . .တယ်။

ချစ်ရပါသောမသက်ဝေတစ်ယောက် ကောင်းရာမွန်ရာရောက်နိုင်ပါစေ

ပြတ်ထွက်သွားသောသုည

ပြတ်ထွက်သွားသောသုည

မြို့လေးတစ်မြို့မှာ သိပ်ကိုချောမောလှပပြီး အကကောင်းလို့နာမည်ကျော်ကြားတဲ့

ကခြေသည်မလေးတစ်ယောက်ရှိတယ်။ သူမရဲ့နာမည်ဂုဏ်သီတင်းဟာ

နိုင်ငံအနှံ့အပြားကျော်ကြားနေခဲ့တယ်။ တစ်ရက်မှာတော့ မြို့ကလေးဆီကို

အကော်ဒီယံလေးတစ်လက်ပိုက်ထားတဲ့ လူငယ်လေးတစ်ယောက်ရောက်လာတယ်။ သူဟာ

မြို့စွန်ကသုဿာန်ထဲကိုဦးတည်သွားနေခဲ့ပါတယ်။ နောက်နေ့တွေမှာတော့ အဲဒီလူငယ်လေးဟာ

သုဿာန်ထဲက သစ်တောအုပ်လေးထဲမှာ သစ်လုံးအိမ်လေးတစ်လုံးဆောက်ပြီးနေထိုင်ကြောင်းကို

သုဿာန်စောင့်ကြီးကတစ်ဆင့် သိကြရတယ်။ လူငယ်လေးဟာ မြို့ကိုရောက်လာကတည်းက တစ်ခါမှ

အပြင်ကိုမထွက်ခဲ့ပါဘူး။ လိုအပ်တာမှန်သမျှကိုလည်း သုဿာန်စောင့်ကြီးကတစ်ဆင့်ပဲ

မှာယူတတ်ပါတယ်။ဒီလိုနဲ့ မြို့လေးဟာ လူငယ်လေးကို တဖြည်းဖြည်းနဲ့မေ့သွားကြတယ်။အချိန်တွေက

တဖြည်းဖြည်းနဲ့ ကုန်မသွားကြပဲ ပိုပိုများလာခဲ့တယ်။ ကခြေသည်မလေးဟာလည်း

အသက်အရွယ်ကြီးရင့်အိုမင်းလာခဲ့ပါတယ်။ နောက်တက်လာတဲ့ကခြေသည်လေးတွေက သူမနေရာကို

ဝင်ယူသွားကြတယ်။ တစ်ရက်မှာတော့ ကခြေသည်မလေးတစ်ဖြစ်လဲအဘွားအိုဟာ

တစ်ကိုယ်တည်းလမ်းလျှောက်ထွက်ရင်း သုဿာန်ထဲကိုရောက်လာခဲ့တယ်။ သူမဟာ

သိပ်ကိုကခုန်ချင်နေပါခဲ့ပါတယ်။ ကမ္ဘာလောကမှာ တစ်ခါမှမကြားဖူးတဲ့သံစဉ်မျိုးနဲ့ ကခုန်ချင်နေမိတယ်။

အဲဒီအချိန်မှာ သူမဟာ အင်မတန်သာယာညွှတ်နူးဖွယ်ကောင်းတဲ့ ဂီတသံတစ်ခုကိုကြားလိုက်ရတယ်။

သူမရဲ့သွေးကြောတွေဟာ ခုန်ပေါက်မြူးကြွလာခဲ့ကြတယ်။ သူမကိုယ်သူမသတိမထားမိခင်မှာပဲ သူမဟာ

တေးသွားအတိုင်းမျောပါကခုန်ရင်း ဂီတသံလာရာနောက်ကို လိုက်ပါလာမိတယ်။

သစ်လုံးအိမ်လေးရဲ့ရှေ့ကိုရောက်တဲ့အချိန်မှာတော့ သံစဉ်ဟာ ရပ်တန့်ပြီးဆုံးသွားခဲ့တယ်။ အဘွားအိုဟာ

စိတ်ရဲ့စေစားချက်အရ အိမ်တံခါးကိုခေါက်လိုက်မိတယ်။ အဲဒီအခါ အသံတစ်သံထွက်လာခဲ့ပါတယ်။

‘၀င်ခဲ့ပါ တံခါးဆိုတာ အဓိပ္ပါယ်မရှိတဲ့လူတွေအတွက်ပဲ ပိတ်ဆို့ထားတာပါ’

အဘွားအိုဟာတံခါးကိုတွန်းဖွင့်ပြီးဝင်လာတဲ့အခါမှာတော့ အိမ်လေးထဲက မီးလင်းဖိုနံဘေးမှာ

ထိုင်ခုံတစ်လုံးနဲ့ထိုင်နေတဲ့ အကော်ဒီယံလေးကိုပိုက်ထားတဲ့ အဘိုးအိုတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။

အဘိုးအိုရဲ့မျက်နှာမှာတော့ အချိန်ရဲ့ကုတ်ခြစ်ရာတွေက ပီသထင်ရှားနေတယ်။ ဆံပင်တွေကလည်း

မြူနှင်းရောင် တောက်ဝေနေပါတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ လင်းပသစ်ရှနေတုန်းပါပဲ။

‘ရှင်တီးတဲ့သံစဉ်ဟာ အရမ်းကိုကောင်းလိုက်တာ’

အဘိုးအိုက ပြုံးတယ်။ ဆွေးမြည့်နေတဲ့ဓားတစ်လက်လို ပြုံးတယ်။

‘ခင်ဗျားကတာလည်း ကောင်းပါတယ်’

‘အဲဒါဘာတေးသွားလဲ’

‘သုဿာန်ရဲ့ရှိုက်သံ လို့ခေါ်ပါတယ်’

‘အိုး. . .’

အဘွားအိုဟာ ခေတ္တမျှတိတ်ဆိတ်သွားပါတယ်။ပြီးတော့မှ

‘ဒါလည်းမဟုတ်သေးဘူး’

‘ဘာကိုဆိုလိုပါသလဲ’

‘ကျွန်မသိပ်ကချင်နေတယ် ဒါပေမယ့် ရိုးရိုးတေးသွားတစ်ခုနဲ့မဟုတ်ဘူး လောကမှာ

ကျွန်မတစ်ခါမှမကြားဖူးသေးတဲ့တေးသွားသံစဉ်တစ်ခုနဲ့ကချင်တယ်’

‘ဟုတ်ပြီ ကျွန်တော်ကလည်းလောကမှာတစ်ခါမှမမြင်ဖူးသေးတဲ့အကတစ်ခုကိုလိုချင်နေတာ

ကျနော်ရေးစပ်ထားတဲ့သံစဉ်တစ်ခုနဲ့ကဖို့ပေါ့’

‘အိုး ကျွန်မစိတ်ဝင်စားပါတယ်’

‘ဒါဆိုကျွန်တော်တီးပြမယ်’

အဘိုးအိုဟာ အကော်ဒီယံလေးကိုစတင်တီခတ်ပါတယ်။တေးသွားအမှတ်(၁) ဂီတသံဟာ

စမ်းရေလိုတသွင်သွင်စီးလာတယ်။ အဘွားအိုကလည်း အကကိုစတင်ပါတယ်။ အကဟာ

ရွက်ကြွေလိုစီးမြောလိုက်လာခဲ့တယ်။ ဒီလိုနဲ့သံစဉ်ဟာ တဖြည်းဖြည်းမြင့်တက်လာတယ်။

တေးသွားအမှတ်(၂) သံစဉ်ဟာ မြင်းရိုင်းအုပ်ဖြစ်သွားတဲ့အခါမှာ အကဟာ

ကြာပွတ်တစ်လက်ဖြစ်သွားတယ်။ တေးသွားအမှတ်(၃) သံစဉ်က စစ်ပွဲတစ်ပွဲဖြစ်နေတဲ့အခါမှာ အကဟာ

ဓားတစ်လက်ဖြစ်တယ်။ တေးသွားအမှတ်(၄) သံစဉ်က နဂါးတစ်ကောင်ဖြစ်တဲ့အခါမှာ အကဟာ

လေထုဖြစ်သွားတယ်။တေးသွားအမှတ်(၅) သံစဉ်ဟာ အမြင့်ဆုံးကိုရောက်ရှိသွားတယ်။ မိုးကြိုးတွေ

ဟုန်းခနဲ့ပစ် ၊ မုန်တိုင်းတွေ ဟူးဟူးရားရားတိုက်ခတ်တယ်။ အကဟာ ချိုးဖြူငှက်ကလေးတစ်ကောင်လိုပဲ

လွင့်ဝဲတုန်ခါနေတယ်။ တေးသွားအမှတ်(၆) အဘွားအိုသိလိုက်တယ်

အဆုံးကနေပြန်စလာတာကိုသိလိုက်တယ်။တေးသွားအမှတ်(၅) (၁) သို့

အဆုံးမှအစပြန်လည်တီးခတ်နေတာကိုသိလိုက်တယ်။ သူမဟာလည်း သူမအကကို

ပြောင်းလဲပစ်လိုက်တယ်။ တေးသွားကငှက်ငယ်ဖြစ်သွားပြီး သူမကမုန်တိုင်းဖြစ်သွားတယ်။

တေးသွားအမှတ်(၇) တေးသွားကလေထုဖြစ်သွားပြီး သူမက နဂါးဖြစ်သွားတယ်။ တေးသွားအမှတ်(၈)

တေးသွားက ဓားဖြစ်သွားပြီး သူမကစစ်ပွဲဖြစ်သွားတယ်။ တေးသွားအမှတ်(၉) တေးသွားက

ကြာပွတ်ဖြစ်သွားပြီး သူမက မြင်းရိုင်းအုပ်ဖြစ်သွားတယ်။ သံစဉ်ဟာ ဓားထိသွားတဲ့ပိုးမျှင်လို

တိခနဲ့ပြတ်ကျရပ်တန့်သွားခဲ့တယ် ။ အဘွားအိုဟာလည်း ကြမ်းပြင်ပေါ်ကို

အရုပ်ကြိုးပြတ်လဲကျသွားခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးသိပ်ကို ပင်ပန်းနေခဲ့ကြတယ်ဆိုတာ

မို့ကြွနေတဲ့ရင်ဘတ်တွေက ပြောပြနေကြတယ်။ ခဏအကြာမှာ တိတ်ဆိတ်မှုကို အဘွားအိုက

တော်လှန်ပစ်လိုက်တယ်။

‘ရှင်ဘာလို့ဆက်မတီးတာလဲ’

‘ကျန်နေတာက နောက်ဆုံးတစ်ပိုဒ်ပဲ ခုထိမဖော်ထုတ်နိုင်သေးလို့ပါ’

‘နံပါတ်(၁၀) တေးသွားဟာ နံပါတ်(၁)တေးသွားကိုပဲပြန်တီးမယ်မဟုတ်ဘူးလား’

‘မဟုတ်ဘူး အဲဒါနံပါတ်(၁၀)မဟုတ်ဘူး နံပါတ်မရှိဘူး ဘာမှမရှိဘူး အဲဒီတေးသွားပဲ’

အဘွားအိုဟာ အဘိုးအိုကို သိပ်ကို သနားတဲ့အကြည့်နဲ့ကြည့်လိုက်မိတယ်။ အဲဒီနောက်ဆက်ပြောတယ်

‘ရှင်ဟာ သိပ်ကိုသနားဖို့ကောင်းတာပဲ စပြီးရင်ဆုံးရမယ် ဒီတော့မဆုံးချင်ရင်မစနဲ့ပေါ့ အစရှိမှတော့

အဆုံးရှိရတော့မှာပေါ့’

အဘိုးအိုဟာ တစ်ချက်ငိုင်တွေသွားတယ်။ အဲဒီနောက်သူ့မျက်နှာဟာ

တဖြည်းဖြည်းလေးနက်တည်ကြည်လာတယ်။ နောက်ပြီးတော့ တဖြည်းဖြည်းပြုံးမြလာခဲ့တယ်။

‘ဟုတ်တယ် အစရှိထားလို့ဆုံးနေရတာပေါ့ စမထားရင်ဘယ်ဆုံးရတော့မလဲ ဟုတ်တယ် . . . ကျုပ်တွေ့ပြီ

အဲဒီတေးသွားကို ကျုပ်တွေ့ပြီ’

အဘိုးအိုဟာ ထိုင်ရာထပြီး သူရဲ့ တေးသွားတွေကိုမှတ်တမ်းလုပ်ထားတဲ့စာအုပ်ကို

မီးလင်းဖိုထဲပစ်ချလိုက်တယ်။ အဲဒီနောက် အကော်ဒီယံလေးကိုလည်း လိုက်သွားစေခဲ့လိုက်တယ်။

ပြီးတော့ ခုံပေါ်မှာပြန်ထိုင်ပြီး မှန်တစ်ချပ်လို ကြည်ကြည်လင်လင်ပြုံးနေတယ်။

‘ရှင်ဘာလုပ်နေတာလဲ’

‘နောက်ဆုံးတေးသွားကိုတီးနေတယ်’

အဘွားအိုဟာ ခေတ္တငြိမ်သက်သွားတယ်။ အဲဒီနောက်မှာတော့ သူမမျက်နှာဟာ ၀င်းပလာတယ်။

‘ဟုတ်ပြီ ဒါဆို ကျွန်မလည်းကတော့မယ်’

အဘွားအိုဟာ လဲလျောင်းရာကမထပဲ မျက်လုံးအစုံကိုမှေးမှိတ်ပစ်လိုက်တယ်။ခဏအကြာမှာ

သူမမျက်နှာဟာလည်း အဘိုးအိုနည်းတူ ၀င်းပကြည်လင်စွာ ပြုံးလာခဲ့တယ်။

နောက်တစ်နေ့မှာတော့ အဘွားအိုပျောက်လို့လိုက်ရှာကြတဲ့ ဆွေမျိုးမိသားစုတွေဟာ သုဿာန်အတွင်း

တောအုပ်လေးထဲကသစ်လုံးအိမ်လေးမှာ သေဆုံးနေကြတဲ့ အဘိုးအိုနဲ့ အဘွားအိုတို့ရဲ့အလောင်းကို

မီးလင်းဖိုထဲမှာ ဖတ်မရတော့အောင်လောင်မြိုက်ထားတဲ့စာအုပ်တစ်အုပ် ၊ တစ်ဝက်တစ်ပျက်

ကျွမ်းမြိုက်ထားတဲ့ အကော်ဒီယံတစ်လက်နဲ့အတူတွေ့လိုက်ရပါတယ်။

အဘိုးအိုနဲ့အဘွားအိုတို့ရဲ့ရုပ်အလောင်းနှစ်ခုစလုံးမှာတော့ တူညီတဲ့အပြုံးတစ်ခုစီဟာ

အလှဆုံးနေရာယူထားလို့. . . . . . . .

ခြေကျင်းဝတ်များအား တော်လှန်ခြင်

ခြေကျင်းဝတ်များအား တော်လှန်ခြင်း

 

            မျက်တောင်တစ်ချက်ခတ်ခြင်းရဲ့အဆုံးမှာ မြက်တွေအတောင်ပံခတ်ပြီး ပျံမသွားခဲ့ကြဘူး။ ကြက်ခြေခတ်တစ်ခုကို အမှားသင်္ကေတလို့ သတ်မှတ်မယ်ဆို အသက်သေဆုံးသူတွေရဲ့ မြေပုံပေါ်က မှတ်တိုင် (သို့တည်းမဟုတ်) လက်ဝါးကပ်တိုင်တွေက အကဲခတ်ဆုံးဖြတ်မှုတွေလား? ။ ဘယ်လောက်ပဲ ကောက်ကွေ့တဲ့မြစ်ဖြစ်ပါစေ ပင်လယ်ရှိရာတော့ သွားတတ်ကြသေးတယ် ။ သူ့စီးဆင်းမှုအပေါ်မှာ စီးစမ်း ဆင်းစမ်းလို့ တစ်ကြိမ်တစ်ခါမျှ မအော်ဟစ်ခဲ့ပါဘူး။ တိမ်တွေရွေ့တယ် . . . ရွေ့တယ် . . . ရွေ့တယ် . . . တစ်ခါတစ်လေ ရပ်တန့်ခဲ့သည့်တိုင် ခြေထောက်ညောင်းတယ်လို့ မဟစ်ကြွေးခဲ့ပါဘူး။ (တိမ်မှာ ခြေထောက်ပါ/မပါ တစ်ကိုယ်တည်း ငြင်းဆန်ခွင့်ပေးတယ်) ။ အရောင်ရောစပ်မှု ၊ အတောင်ပံတပ်ပေးမှု ၊ လူကုန်ကူးမှု ၊ ဖိနပ်မှားစီးမှုတွေဟာ သင်နှင့်သာသက်ဆိုင်ကြောင်းလို့ ခေါင်းစဉ်တပ်မယ် (ဒီအသရေဖျက်မှုဟာ တာဝန်ယူခြင်း ပါရှိတယ်) ။ ဆွဲဆောင်မှုအားကောင်းကောင်းနှင့် ရောင်းတမ်းမ၀င်တဲ့ ကြေငြာတွေအစား ကမ္မဌာန်းတရားကိုရှုမယ်။

            အဓိပ္ပါယ်တစ်ခုဆိုတာ သတ်မှတ်ချက်နဲ့အညီလို့ လက်ခံထားနေသရွေ့တော့ သင်ဟာ တရားတော်နဲ့မကိုက်ညီသူဖြစ်တယ်။ အတ္တဆိုတာ လိအပ်သလိုဆေးရောင်ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ သင်တွေ့နေသမျှ၊ကြားနေသမျှ အဲဒါ အယူအဆမဟုတ်ဘူး။ တဖြောင့်တည်းစီးဆင်းမယ့်မြစ်တစ်စင်းကို ကျွန်တော်တို့ တူးဖော်နေကြပါတယ်။ ထို့ကြောင့် သင့်မျက်ရည်စက်များ ပါဝင်လှူဒါန်းနိုင်ပါတယ်။ ကျွန်တော်တို့ ထမင်းရည်ပူစည်းမနင်းပါဘူး။ ငှက်ဖြစ်တိုင်း မပျံသန်းတတ်ကြကြောင်းကို ပင်ဂွင်းငှက်တို့က သက်သေ ၊ သာဓက ပြည့်စုံစွာညွှန်းဆိုထားပါတယ်။ သင်သည် သင့်ကိုယ်သင် ဖြူစင်သည်ဟု အထင်ရှိနေပါက ထိုပင်ဂွင်းငှက်တစ်ကောင်ထံသွားပြီး ဒိုဘီအပ်ရန် သတိရပါ။ ကဗျာဆိုသော ခေါင်းစဉ်အောက်တွင် ကပြာကယာအပြုံးများ မရှိကြောင်း ယထာဘူတကျစွာ ကြုံမှသိရပါလိမ့်မယ်။ ထို့ကြောင့် သင်သည် ပြုံးတတ်သူ ဖြစ်/မဖြစ်သည် ဆိုခြင်းထက်ပိုသော ထောက်ခံစာတစ်စောင်လိုအပ်ပါတယ်။ သို့သော် စာလုံးများ ၊ မှင်များသာ ပေစွန်းနေသော စက္ကူတစ်ရွက်မဖြစ်ရန် အထူးသတိပြုပါ။ မိမိကိုယ်မိမိ မြင့်သည်ထက်မြင့်အောင် ခုံးမောက်ပြနေသော တောင်တန်းများ ဒီလွင်ပြင်ဒေသမှာမရှိပါ။ ဒီနေရာသည် လွင်ပြင်တစ်ခုသာ ဖြစ်ပါတယ်။ တသမတ်တည်း ပြန့်ပြူးညီညွတ်သော လွင်ပြင်တစ်ခုသာဖြစ်ပါတယ်။

            အသားစားသောနွားများ မရှိပါဆိုခြင်းထက် နွားများ အသားမစားပါဟုဆိုလျှင် သင်ငြင်းပိုင်ခွင့်ရှိသည်။ နားရွက်တိုများ၏ အလိုဆန္ဒအား နားရွက်ရှည်တို့ ကုသိုလ်ပြုခဲ့ဖူးသည်။ ဟန်မဆောင်တတ်ဟန်ဆောင်ခြင်းပညာဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအပေါ် လူတကာလက်ခုပ်တက်တီးကြ၏။ သူမသာ ၊ ကိုယ်အသုဘဆိုတာထက် သူတင် ၊ကိုယ်တင် ရင်ခုန်သံများနှင့်အတူ ကျွန်တော်တို့ စည်း၊၀ါး နင်းကြသည်။ ကကြိုးတွင် ပန်းပန်မထားပါ။ ဆူးမရံထားပါ။ ခုနစ်လွှာကခြေသည်၏အိပ်မက်အား  မြူဆွယ်ခြင်းထက် ၊ လိင်ဆက်ဆံရေးအား အသားပေးခြင်းထက် ၊ ဖိုမ အင်္ဂါနှင့်သီကျူးသော သီချင်းတစ်ပုဒ်ထက် ကျွန်တော်တို့ ပိုမက်ခဲ့သော မြေစိုင်ခဲတို့သည် ဗီတာမင် (လုံးဝ) ချို့တဲ့နေပေသည်။ မရှိ/အရှိ တရားတော်များအား နားဖြင့်သက်သက်သာကြားပြီး နှလုံးမသွင်းတတ်သောခွေးအများထက်စာလျှင် ကျွန်တော် ချိုချဉ်တစ်လုံးနှင့် နပန်းသတ်တမ်းကစားချင်သည်။ သင့်ကိုယ်သင် ဖြူစင်သည်ဟုဆိုလျှင် ကျွန်ုပ်သည် အရောင်အစွန်း အထင်းသားရှိသေးသည်။

            ‘ဒီအရာတွေ အားလုံးပြီးဆုံးသွားပြီ’ တဲ့ ။ သင်ကိုယ်တိုင် ဒီအရာတွေကို အသစ်က ပြန်စချင်နေသည်ဆိုလျှင်တော့ ပြီးဆုံးသွားပါလိမ့်မယ်။ ရှိ/မရှိခြင်းဟာ အပိုင်းကိန်းတစ်ခုသာ ဖြစ်ပါတယ်။ ကြားထဲတွင် မျဉ်းကြောင်းတိုလေးပဲ ခံနေခဲ့တာပါ။ ရှေးထုံးကို ပယ်ချင်ပယ်ပါ။ ဒါပေမယ့် သင် ဈေးသုံးမကြွယ်ပါနဲ့။ မည်သည့်ကိစ္စမဆို အဆက်အစပ်မဲ့ခြင်းမရှိကြပါ။ လက်ခံထားသမျှအရာတိုင်းဟာ ချိတ်ဆက်ထားကြောင်း သင်ကိုယ်တိုင် ရေလောင်းပေါင်းသင်ပါ။ တစ်ခုလောက်ပြောပါရစေ။ ‘ သင် ဓားတစ်လက်ကို အစိမ်းသက်သက် မြိုချရဲပါသလား ‘ ။ ကမ်းပါးတစ်ခုသာ ဆုပ်ကိုင်ထားလျှင် သင်၏မြဲမြံခြင်းသည် အဝေးဆုံးသို့ ရောက်ရှိသွားပေလိမ့်မည်။ လွတ်လပ်ခြင်းအနုပညာသည် သင်မှန်းခဲ့သလောက် မနီးစပ်ခဲ့ပါ။ လွတ်လပ်သူမှန်သမျှသည် လွတ်လပ်ခြင်းကိုသာ ဆုပ်ကိုင်ထာဲးပသူများဖြစ်၏။ မမြဲခြင်းသဘောတရားသည် မြဲမြံစွာဆုပ်ကိုင်ထားရန် လိုအပ်ကြောင်းနားလည်ပါ။ သင်သည် လွတ်လပ်သော  မြဲမြံခြင်းကို ရေရာစွာနားလည်ပါပြီလား။ ကျွန်တော် နားမလည်ပါ။ လွတ်မြောက်မှုကို သင်ရင်ဆိုင်တွေ့ချိန် လက်ဝါးကပ်တိုင်တစ်ခုက အသင့်စောင့်ကြိုနေပါလိမ့်မည်။ အပေါင်းလက္ခဏာဆန်သည်။ သို့သော် နှုတ်ထွက်သွားရန်လိုအပ်သည်။ ယုတ်လျော့မှုတစ်ခုအား အကောင်းမြင်ဝါဒီဖြင့် ကြည့်ခြင်း (သို့တည်းမဟုတ်) အကောင်းစားမျက်မှန်တစ်လက်နှင့် မြေပုံမှတ်တိုင်အားရှုမြင်ခြင်းဖြစ်သည်။

            လွှတ်ချလိုက်’ ဟု ကျနော့်ကို ရထားကြီးကပြောတယ်။ ‘ဆုပ်ကိုင်ထားပါ’ လို့ ချောက်ကမ်းပါးကြီးက ဆိုတယ်။ ရထားတစ်စင်းထက် ချောက်ကမ်းပါးရဲ့အစွယ်တွေက တဖွေးဖွေးလက်လို့။ ခေါင်းငုံ့ပြီးလမ်းဖြတ်ကူးသူ ၊ ခေါင်းမော့ပြီး လမ်းလျှောက်နေသူ ဆုံတွေ့လို့များတိုက်မိရင် ဘယ်သူအရင်သေမလဲ။ ကျနော်သည် ကိုယ်ရည်သွေးတတ်သော သွားပွတ်တံများအား မုန်း၏။ သွားကြားမှ အစာဟောင်းများထုတ်ပစ်ချင်သည်ဟုဆိုလျှင် ‘တောက်’ တစ်ချက်ခတ်ပြီး ဖနောင့်သုံးချက်ပေါက်ပါ။ (လူကြီးမင်းတို့၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအား တာဝန်ယူဆောင်ရွက်ပေးပါသည်)။ ဟုသော ကြေငြာအား ရုပ်မြင်သံကြားလှိုင်းများမှ မလွှင့်ပါ။ လက်ခံသူမဲ့နေသောအမှန်တရားသည် မိဘမဲ့ လမ်းဆုံလမ်းခွသာဖြစ်၏။ ထိုနည်းတူလည်းကောင်းတူစွာ အမှန်တရားအား လက်မခံသောသူသည် သူတောင်းစားတစ်ယောက်လက်ထဲမှ ခွက်တစ်လုံးနည်းတူပေ။ ယူချင်သည်ထက် အပေးအကမ်းနည်းပါးခြင်းသည် မိမိကိုယ်မိမိ အကြမ်းဖက်ခြင်းသာဖြစ်သည်။ ယနေ့ မျက်မှောက်ခေတ်ကာလတွင် ထွန်းကားလာသော အကြမ်းဖက်ယဉ်ကျေးမှုအား ကျနော်တို့ တော်လှန်ကြပါစို့ ။

 

 

(ကျေးတော်မျိုး)                                                                            (ရိုးရာ)

www.kyaytawmyo.web.com                                  www.yoeyarpoet.co.cc                                                               

 

အစောင်းအနင်းများ

ကမ္ဘာကြီးသည် ဟေတီငလျှင်ကြောင့်

၂၃.၅ ဒီဂရီထက်ပိုမိုတိမ်စောင်းသွားခြင်း

ထို့အတူ . . .

မှီတင်းနေထိုင်ရာ သတ္တ၀ါများ (အထူးသဖြင့် လူများ)

တစ်ဘက်စောင်းသွားခြင်း

သီတင်းခေါင်းစဉ်အဖြစ် ဖော်ပြရန်သင့် / မသင့်

ပြန်လည်တည့်မတ်ရန် လိုအပ် / မလိုအပ်

အဆိုပါပြောင်းလဲမှုအတွက် ဆူနာမီနှင့် နာဂစ်တို့ပယောဂမကင်းကြောင်း

မလိုအပ်သည့် သက်သေအထောက်အထားများ

အဆိုပါဖြစ်ရပ်တွင်

သင် (တို့) ကျွန်ုပ် (တို့) တရားခံဟုဆိုလျှင်

လက်ခံမည် / လက်မခံပါ (နှစ်သက်ရာတစ်ခုကိုရွေးချယ်နိုင်ပါသည်)

ဖြစ်လာအည့်အကျိုးဆက်များအတွက်

မိမိကိုယ်စားခေါင်းခံမည့်သူများ အရေးပေါ်လိုအပ် / အပူတပြင်းရှာဖွေ

မည်သူတစ်ဦးတစ်ယေက်ကိုဗဟိုပြုပြီးမှ

မည်သည့်ဖြစ်ရပ်မျိုးမှ ဖြစ်ပျက်ခြင်းဟုတ် / မဟုတ်

အဆိုပါဖြစ်ရပ်၏ နောက်ဆက်တွဲအဖြစ်

မြေဆွဲအား ပြောင်းလဲမှုရှိ / မရှိ

ထို့ကြောင့် မြေမနင်းမိသူသည်

မြေဆွဲအားနှင့်မသက်ဆိုင်သူဖြစ်ကြောင်း

ခြေထောက်နှင့် ဖိနပ်များထံမှ ပြန်လည်မေးမြန်းကြည့်ရန်

ကမ္ဘာာကြီးဟာ ဟေတီငလျှင်ကြောင့်

၂၃.၅ ဒီဂရီထက် ပိုမိုတိမ်းစောင်းသွားခဲ့ရ                         

သတိပေးတားမြစ်ချက်

သတိပေးတားမြစ်ချက်

တစ်ခုလောက်မှာပါရစေ

ဒီကဗျာကိုဖတ်တော့မယ်ဆိုရင်

မျက်နှာသစ်ထားစေချင်ပါတယ်

မျက်ချေးပေနေတဲ့မျက်ဝန်းတွေနဲ့ဖတ်ရင်

ဒီကဗျာကလည်းညစ်ပတ်ချင်ညစ်ပတ်နေလိမ့်မယ်

ဒါကြောင့် မျက်နှာအရင်သစ်ပါ။

ဒီကဗျာကိုကောက်ကိုင်တော့မယ်ဆိုရင်

လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပါ

မည်းပေနေတဲ့လက်နဲ့ကိုင်ရင်

ဒီကဗျာဟာလည်း ဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေပါချင်ပါနေလိမ့်မယ်

ထို့အတွက် လက်အရင်ဆေးပါ။

ဒီကဗျာကိုဝတ်ဆင်တော့မယ်ဆိုရင်

ရေအရင်ချိုးပါ။

ချွေးနဲ့တွေနဲ့ပေလူးနေရင်

ဒီကဗျာဟာလည်းနံစော်ချင်နံစော်နေလိမ့်မယ်

ဒီအတွက် ရေအရင်ချိုးပါ

ဒီကဗျာကိုတက်နင်းတော့မယ်ဆိုရင်

ခြေအရင်ဆေးပါ။

နင်းချင်ရာနင်းထားတဲ့ခြေထောက်နဲ့ဆိုရင်

ဒီကဗျာဟာလည်း ဖြစ်ချင်ရာဖြစ်သွားလိမ့်မယ်

သို့ဖြစ်ပါသောကြောင့်ခြေအရင်ဆေးပါ။

အထက်ပါကိစ္စများဆောင်ရွက်ပြီးစီးပါက

ဒီကဗျာအား . . .

လုပ်ချင်ရာလုပ်နိုင်ပါပြီ။

ပန်းတစ်ပွင့်နဲ့ချည်တဲ့ကြိုး

ပန်းတစ်ပွင့်နဲ့ချည်တဲ့ကြိုး

ထို့ကြောင့် ပန်းတစ်ပွင့်ဟုသိရသည်

သူမမှာ ရှဆိမ့်မွှေးသန့်သော

ပန်းနုရောင်ရနံ့များဖြင့်

ထို့ကြောင့်ပန်းတစ်ပွင့်ဟုသိရသည် ။

ပန်းပွင့်လေးတစ်ပွင့်ဟုဆိုရန်

သူမသည် ပန်းပွင့်လေးတစ်ပွင့်သာဖြစ်သည်

နှင်းဆီတစ်ပိုင်းနှင့် စံပယ်အရိုင်းတစ်ပွင့်သာဖြစ်သည်။

ပန်းပွင့်လေးရေ . . . .

မတော်တဆခလုတ်တိုက်မိရင်တောင်မှ

နင် “တ” မိတဲ့အမည်တစ်ခုဟာ ငါဖြစ်ချင်တယ် ။

သူငယ်ချင်းဆိုတာ . . .

တစ်ယောက်ကိုတစ်ယောက် ဖြန့်ကျက်မိုးထားကြတဲ့

အဖြူရောင်ကောင်းကင်တွေဖြစ်တယ်

တစ်ဦးတစ်ယောက်ရဲ့ ရာသီဥတုကိုလည်း

တစ်ဦးတစ်ယောက်က ပိုင်ဆိုင်ကြတယ်တဲ့ ။

 

ဒီလိုနဲ့ ငါတို့အိပ်မက်တိုင်းမှာ

မိုးတွေတစ်ခမ်းတစ်နားရွာကျဲခဲ့ကြတာပေါ့

ထားခဲ့လိုက်ပါ

တယုတယထုပ်ပိုးထားတာတွေလည်း

ခဏခဏကျကွဲခဲ့ဖူးမှာပေါ့  

 

ပန်းတစ်ပွင့်နဲ့ ကဗျာဆရာတစ်ယောက်ကြားမှာ

ဘယ်လိုကြိုးမျိုးတွေများရှိနေသလဲ

ဒါဟာ ပုစ္ဆာတစ်ပုဒ်ဖြစ်မယ်ဆိုရင်

အဖြေက ငါတို့မှာ ရှိမနေခဲ့တာသေချာတယ်

အားလုံးကို ထားခဲ့လိုက်ပါတော့ကွယ်

ခြေလှမ်းဆိုတာ လမ်းရှိတိုင်းလှမ်းဖို့အတွက်ဖြစ်တယ်. . . . ။

                                      

 

                                                       သူငယ်ချင်းမလေးအတွက် အမှတ်တရ

လမ်းလျှောက်ထွက်ခြင်း (၃)

လမ်းလျှောက်ထွက်ခြင်း (၃)

 

ဒီတစ်ခေါက်လည်း  စိတ်ကူးတွေနဲ့ လမ်းလျှောက်ထွက်လာခဲ့ပါတယ် ။

(၁)

ကျနော်ဟာ စိမ်းညိုမှောင်ဖျော့နေတဲ့ တောအုပ်ကြီးတစ်ခုထဲကိုရောက်နေတယ် ။ ကျနော့်ရှေ့က သစ်ပင်အုပ်မှာ မျောက်တစ်အုပ်ကလည်း ဆူညံဆော့ကစားနေကြလေရဲ့။ အဲဒီအချိန်မှာပဲ  မျောက်ကြီးတစ်ကောင်ဟာ ကျနော့်ရှေ့ကိုရောက်လာတယ်။

`လူကလေး မင်္ဂလာပါ´

`အဲ မျောက်က လူစကားတတ်သဟ´

`လူဆိုတာ မျောက်ကဆင်းသက်လာတာဆိုကွ အဲဒီတော့ မျောက်က လူစကားတတ်တာဆန်းသလား´

`ဟုတ်တာပေါ့ဗျာ ခင်ဗျားတို့က အတော်ဆော့တာပဲ ဒါကြောင့်လူကြီးတွေက အဆော့သန်တဲ့ကလေးဆိုရင် `မျောက်လောင်း´ လို့ခေါ်တာပဲ ´

`အော် လူက မျောက်လိုဆော့တော့ `မျောက်လောင်း´ တဲ့လား ။ ဒါဆို မျောက်က လူလိုဆော့ရင် `လူလောင်း´ ပေါ့နော် ´

ကဲ. . . . . . .

 

(၂)

ဆက်လျှောက်လာတော့ကျနော့်ရှေ့မှာရေညှိရောင်လက်လက်ထနေတဲ့ တောင်လိုအရာကြီးတစ်ခုကိုတွေ့တယ်။ သေချာကြည့်မိတော့ အဲဒီအရာကြီးမှာ အကြေးခွံလိုအရာတွေ အပြည့်နဲ့ ။ နောက်ပြန်ဆုတ်ပြီး သေချာကြည့်တော့မှ လားလား နဂါးကြီးတစ်ကောင် ကောင်းကင်ကို မျက်ထောင့်နီကြီးနဲ့ စိမ်းစိမ်းစိုက်စိုက်ကြည့်လို့။

`ဗျိုး နဂါးကြီး နဂါးကြီး ဘာလုပ်နေလဲဗျ´

`ကောင်းကင်ဆိုတာကြီးကို မျက်စောင်းထိုးနေတာလေ ´

`အန် ဘာလို့တုန်း´

` နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဘူးဆိုပြီးတော့ အဲဒီကောင်ကြီးကို ငါမျက်စောင်းထိုးနေတာ ကြာပြီ။ ခုထိပြာမကျနိုင်သေးလို့မကျေမနပ်ဖြစ်နေတာပါကွာ ´

 

အင်း . .  .ဒါမျိုးကြီးလည်းဖြစ်တတ်သေးတာပဲနော် ။

 

(၃)

 

တောအုပ်ထဲကအထွက်မှာ အင်မတန်ခမ်းနားကြီးကြယ်တဲ့ ရဲတိုက်ကြီးတစ်ခုက ကျနော့်ကိုလက်ယပ်ခေါ်နေတယ်။ အထဲကိုရောက်တော့ ရတနာမျိုးစုံစီခြယ်ထားတဲ့ကလပ်တစ်ခုပေါ်မှာ ဓားကြီးတစ်လက်က ခန့်ခန့်ညားညား နေရာယူလို့ ။ အဲဒီကလပ်ကြီးဘေးမှာတော့ ကျောက်စာအချပ်ပေါင်း မြောက်များစွာကိုတွေ့ရပါတယ်။ အဲဒီကျောက်စာတွေထဲမှာ ဒီဓားကြီးကိုကိုင်စွဲခဲ့တဲ့သူရဲကောင်းတွေနဲ့ သူတို့တိုက်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုဖော်ပြထားတယ် ။ နောက်ဆုံးကျောက်စာမှာတော့ ဒီဓားဟာ ဓားအိမ်ထဲကထုတ်လိုက်ရင် သွေးမစွန်းပဲ ပြန်မ၀င်ဘူးလို့ဆိုထားပါတယ်။ ဓားကိုထုတ်ကြည့်မယ့် ကျနော့်စိတ်ကူးတွေတောင် နောက်တွန့်သွားရတယ်။ ဓားကြီးကိုကြည့်ရင်းနဲ့ သက်ပြင်းတစ်ချက်ကို အားပါးတရ လွှင့်ပစ်မိပါရောလား

`ကောင်လေး ဘာလို့သက်ပြင်းချတာတုန်းကွ´

`ခင်ဗျားအကြောင်းကိုတွေးမိလို့ပါ ခင်ဗျားကြောင့် ကျခဲ့ရတဲ့သွေးစက်တွေနည်းမှာမဟုတ်ဘူးနော် ´

`ကောင်လေးရာ တကယ်တော့ ဓားဆိုတာ ဓားအတိုင်းပဲနေရင် သိပ်လှတဲ့အနုပညာတစ်ခုပါ´

သေချာပါတယ် ဒီဓားကို ကျနော်လုံးဝထုတ်ကြည့်တော့မှာမဟုတ်ဘူး။ မတော် အနုပညာမြောက်တဲ့ဒဏ်ရာတွေရနေရင် မခက်လား။

 

(၄)

 

အဆောက်အဦးထဲကထွက်တော့ ရှည်လျား ဖြောင့်စင်းနေတဲ့လမ်းမကြီးကို တွေ့လိုက်ပါတယ်။ လမ်းအတိုင်းလိုက်လာရင်းက တစ်နေရာအရောက်မှာ လမ်းဘေးတစ်နေရာအရိပ်မှာ ၀ိုင်းဖွဲ့စကားပြောနေတဲ့ လူတစ်သိုက်ကိုတွေ့လိုက်ရတယ်။

`လာကွာ လာ ခဏနားဦး ရေလေးဘာလေးသောက်´

ကျနော့်ကိုရေဘူးကမ်းပေးပါတယ်။

ဒါပေမယ့် စပ်စုချင်စိတ်များနေတဲ့ကျနော်ကတော့

`ခင်ဗျားတို့က ဒီမှာဘာလုပ်နေကြတာလဲဟင်´

`စကားပြောနေကြတာလေကွာ´

`ကျနော်ခင်ဗျားတို့ကို မြင်ဖူးသလိုပဲ ´

အားလုံးကပြုံးလိုက်ကြပြီး သူတို့ကိုယ်သူတို့မိတ်ဆက်ပေးပါတယ်။ အားပါးပါး ကျနော်က တကယ့်လူတွေကြားထဲရောက်လာတာပါလား ။ သူတို့က ဆိုခရေးတီး ၊ ကွန်ဖြူးရှပ် ၊ ပလေတို အစရှိသဖြင့် နာမည်ကျော် အတွေးအခေါ်ပညာရှင်အားလုံးလိုလိုပါပဲ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကတော့ သူ့ကိုယ်သူ မိတ်မဆက်ပဲ ငြိမ်နေတယ်။ကျနော်လည်း ဒီတိုင်းတော့ဘယ်နေမလဲ။ အဲဒီလူကိုလက်ညှိုးညွှန်လိုက်ပြီး

`ခင်ဗျားက ဘယ်သူလဲ ´

သူကပြုံးတယ် သိပ်ကိုထက်ရှတဲ့အပြုံးမျိုးနဲ့ပြုံးတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတစ်ပွင့်လိုပြုံးတယ်။

`ကျနော်က ဥာဏ်ပညာပါခင်ဗျာ´

`ဒါဆိုခင်ဗျားက လူတွေကြားထဲသွားနေပါလားဗျာ အဲဒါမှ လူသားအားလုံးက ခင်ဗျားနဲ့ရင်းနှီးမှာပေါ့´

ဒီတစ်ခါတော့ သူက ပိုးစတစ်စလုံးထပ်ပြုံးတယ်။

`ကျနော်က လူတွေနဲ့အနီးဆုံးမှာနေပါတယ်ဗျာ ။ လူတွေကသာ ကျနော်နဲ့ဝေးရာကိုပြေးနေကြတာပါ´

အင်း . . . ကျနော်လည်း သူနဲ့နီးနီးနေဖို့ တော်တော်စဉ်းစားရပြီ ။