သို့ . . . လရိပ်ထင်
အလွမ်းဆိုတာ
ခဏခဏပြန်ပြန်ကြည့်မိတဲ့
အနာရွတ်လေးတစ်ခုလိုပါပဲ ညီမလေး. . . ။
တစ်ချိန်တုန်းကတော့
ဆောင်းရာသီဆိုတာ
ညီမလေးရဲ့ပါးပြင်ရဲရဲလေးပေါ်မှာပဲရှိတယ်
နှင်းဆီပန်းဆိုတာ
ဒဂုံတက္ကသိုလ်ကြီးမှာပဲပွင့်တယ်
လမင်းဆိုတာ
လှည်းတန်းကားဂိတ်လေးမှာပဲသာတယ်
ပြက္ခဒိန်တစ်ခုလုံးမှာ
စနေတွေပဲပါတယ်
နေ့တိုင်းဟာ
ဇန်န၀ါရီ (၃၁) ပဲဖြစ်တယ်လို့
ကိုယ်ယုံပစ်ခဲ့ဖူးတယ်။
ခုတော့ . . .
ကိုယ့်ကို ဒီတိုင်းပဲထားခဲ့ပေးပါ
ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ရူးရတာလောက်တော့
ဘာကိုမှ ပိုမမက်မောတော့ဘူး။
ကိုယ်ရဲ့ဒုက္ခအိုးမလေးရယ်
ဒီတစ်ခါ
ဒီဇင်ဘာမှာ
နှင်းမပါပဲ ဘယ်လှပါတော့မလဲကွယ် ။