Tuesday, February 2, 2010

အ လွမ်း ကူး သူ ငယ် မူ ကြို က ဗျာ များ

လွမ်း ကူး သူ ငယ် မူ ကြို က ဗျာ များ







ဘယ်နှစ်ခါ မြောက်ရောက်သွားပြီလည်း

အသက်ရှူသံ။
တစ်နေ့ နှစ်ခါ မျက်နှာသစ်တယ်၊ သွားတိုက်တယ်။
ကျန်တာတွေ မမှတ်မိလောက်ဘူး
ကလေးငိုသံကြားရင်
နင်လွင့်ပစ်တဲ့ သကြားလုံးလေးကို လွမ်းတယ်။  ( နေနှင်းစက်)





ငါ့ကိုမထားခဲ့ပါနဲ
အသိနဲ့ အရှိကို....သံမှိုနဲ စွဲအောင်ကပ်ပေးလိုက်လည်း
အစကတည်းကဒီနေရာမှာပဲချန်ထားခဲ့ ပါ
 `ငါ`ဆိုတာ
မွေးကတည်းကအူတူတူ အတတ နဲ့
ခပ်တုံးတုံး ..ခပ် အအ လေးမို့ 
ပစ္စလက်ခတ်ကိုလွမ်းဦးမှာပဲ ။(ရင်ခွင်ရှိန်း)



သတိရမှ မဟုတ်ပါဘူး ။ သတိမရလည်း ၊ ငါ
လွမ်းတယ် ။
နင်ရိုက်ချိုးခဲ့တဲ့ ညခင်းတွေ ၊ ငါ စိုက်ပျိုးခဲ့တဲ့ လမင်းရေ .. ။
နင် ပိုင်စိုးခဲ့တဲ့ ရင်တစ်ခြမ်းအတွက် ။
လမ်းပြပါဦး ... ။
လန်းပြပါဦး ... ။
ငါ ထိုင်ထိုးခဲ့တဲ့ တယောတစ်လက် ။
လန်းကြဖို့အတွက် လမ်းပြပါဦး .. ။
နွေမမြင် ၊ မိုးမမြင်နဲ့ ။
မိုးမမြင် လေမမြင် ဆိုလား ... ။
သောက်ကန်းမ ။
နင့် လက်ကောက်ဝတ်မှာ ခုန်နေတဲ့ သွေးကြောလို့  ၊
ငါ့ကို မသတ်မှတ်နဲ့ ။
စိမ်းလိုက် ၊ ပြာလိုက် ။
လိုက်ပြာလိုက်ကြ ၊ လိုက်စိမ်းလိုက်ကြ ။
ဒီတေးသွား ၊ ဒီနေရာမှာပဲ ဓားတစ်စင်း ဖြစ်စေ ။ (ဆူးခက်မင်း)






ငါ့လက်တွေစိုထိုင်းပုံက
မိုးရေတစက်စက် ကျတယ်၊
အသက်က ဒီတောင်ကို မကျော်ဘူး
အသည်းနှလုံးပုံနဲ့  ဗလာစာအုပ်အသစ် တစ်အုပ်
ပန်းသီးကကျတဲ့ သွေး
ဝေးနေရုံလေးနဲ့ 
ဝိဥာဉ်တွေတောင်သေတယ်။  (နေ့သစ်)



တိတ်ဆိတ်နေတယ်ဆိုတာကိုက
ငါပြော,ပြောနေကျစကားပါပဲ
ငါ့ကိုထားခဲ့ပါ
ငါ့ကိုနင့်အနားမှာပဲအမြဲထားခဲ့ပါ
ပြောရင်းနဲ့တမ်းတရင်းနဲ့လွမ်းလာ
အလွမ်းဆိုတာ….ငယ်ငယ်ကနားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်လေးတွေလို
တခါတရံကြီးမြတ်တဲ့ခံစားမှုမျိုးနဲ့
တခါတရံသနားကရုဏာသက်စရာကောင်းပုံမျိုးနဲ့တချိန်ကရွှေထီးဆောင်းခဲ့တာမဟုတ်ဘူး
ယူဗီထီးငွေရောင်လေးတစ်ချောင်းကို နှစ်ယောက်ဆောင်းခဲ့တာ
တကယ်တော့ ငါပြောနေကျစကားကိုက
အမြဲ…..တိတ်ဆိတ်နေခဲ့တာပါ။          (သူရဿဝါ)






ကမ္ဘာတစ်ခြမ်းက
တစ်လွမ်းစာဘဝလေးကြေ...အက်
သူ့လက်ထဲက.. ပန်း..အ..သေ
သူ့ရင်မှာသူပြန်ပျိုး
သက္ကရာဇ်အစောင်စောင်မှာ
ဘယ်တော့မညှိုးခဲ့ဘူး
မနွမ်းတဲ့ အနမ်းအတွက်
ရနံ့တစ်ခက်စာ
အသက်ဓါတ်တို့ပေကျန်
မနက်ဖန် မနက်ဆိုတာလဲ ...
ပန်း..အ..သေ..အတွက်..
လွမ်းနေလျက်ပါပဲ...။(အိပ်မက်ဦး)






တိမ်စိုင်ခဲတွေ လွင့်လာတယ်
ရင်စိုင်သဲကြွေ ပွင့်ဟာတယ်
မနမ်းဘူးပဲ လမ်းကူးတဲ့ သူငယ်
မလွမ်းဘူးပဲ အနမ်းတွေ ဘူးနဲ့ ထည့်
အလွမ်းဖူးဖို့  ပန်းနဲ့ ဝေးမှ ပွင့်ရှာမယ်
အလွမ်းခူးဖို့  ပန်းနဲ့ ဝေးပါ ကလေးငယ်။  (အနော်မာ)






ဗျာ . . . ကျွန်တော့်ကိုပြောတာလား
ရှိတော့ပါဘူးဗျာ . . .
လက်မှတ်မပါပဲတက်စီးမိတာ
မဖြစ်ပါဘူး . . . မဖြစ်လိုက်ပါဘူး
ကြုံတောင့်ကြုံခဲ ရင်ခုန်သံကိုလွမ်းတဲ့ကောင်ပါ
ကျွန်တော့်နားကို သူသက်ပြင်းနဲ့ ....   " ပိတ် "
ဟုတ် . . . ကျွန်တော် မမူးလိုက်ရပါဘူးဗျာ . . . (မောင်မိုးချို)









အလွမ်း၊စိုးစဉ်းမျှ ရင်မခုန်တတ်တော့တဲ့အလွမ်း
နစ်ရှေးရဲ့အာသီးလောက်တောင်မရှိတော့တဲ့အလွမ်း
လွမ်းခြင်းဝေဒနာစေစားရာမှာ ကပြအသုံးတော်ခံဖို့
ငါ့လက်ငါဆေး၊ငါ့အတ္တငါပြန်ကိုက်ချီခဲ့
ဟိတ်.....တိတ်လိုက်စမ်း
အမည်းရောင်ပိတ်ကားပေါ်က
ငါ့အခွံငါတူး၊ငါ့ဥာဉ်ငါဖောက်ပြီး၊
ထိုးချလိုက်တယ်
ရင်ခုန်ခြင်းကင်းမဲ့သော ချစ်ခြင်းအလွမ်း။ (ဏီအဲဝိုင်)












သေမလောက်ပဲ
ငါရေးထားတဲ့ `၀´လုံးလေးက
ငါမပိုင်တဲ့စာအုပ်တစ်အုပ်ထဲကို `၀ုန်း´ခနဲခုန်ဆင်းသွား
ငါ့မှာခြေလှမ်းတွေတောင် အယောင်ယောင်အမှားမှားနဲ့
ဘယ်တောဝင်လို့ ဘယ်တောင်တက်နေရသလဲမသိတော့ဘူး
နှင်းဆီတစ်ပွင့်နှင့်အတူ
ငါ့ကောင်းကင်လေး
အစိမ်းလတ်လတ်ကြွေပြီ။ ( ရိုးရာ)





ကဗျာတစ်ပုဒ်ရဲ့ အလိုတော်အလိုက်ဆိုရင်တော့
ဘုရားလဲ စူးပါစေ
မာရ်နတ်လဲ စူးပါစေ ..
၁၃ ရက်တစ်ရက်နဲ့ မကျွတ်မလွတ်နိုင်....
နာမည်လေးတစ်လုံးရဲ့ အသံထွက်နဲ့ မကျွတ်မလွတ်နိုင်...
ကဗျာနဲ့မဆန့်လို့ ထွက်ထွက်ကျကျလာခဲ့
ကဝေအလင်းတွေ
စုန်းဝင်စားတဲ့ သစ်ပင်တစ်ပင်အောက်က
ကဝေအရိပ်တွေ
အလွမ်းသွေးကြွနေတာတော့မဟုတ်ပါဘူး..
ကဗျာနဲ့မဆန့်လို့
ရင်နဲ့မဆန့်တော့တာပါ
သံယောဇဉ်လက်ကျန်လေးနဲ့
ငါ့ကို(ငါ့ကိုလေ)
နေ့ရွှေ့ညရွှေ့ဖြစ်ဖြစ်
လွမ်း နေ ပါ ကွယ် ၊၊ ၊၊ (ဇာတိ)






အချစ်ဆိုတာ စိတ္တဇနာမ် တစ်ခုသာဖြစ်ကြောင်း
အလွမ်းဆိုတာ ပြက်လုံးတွေကြားမှာ ပျောက်ကွယ် သွားမဲ့
နှင်းမှုံတစ်စသာဖြစ်ကြောင်း
အစ ရှိတဲ့ လွမ်းချင်းတစ်ပုဒ်စာ ဒိုင်ယာလော့(ခ်) များ
ရုပ်နဲ့နာမ်မတွဲမိဘူး
သေလို့ရတယ် (သေလို့ရတယ်)
မင်းအောက်နှုတ်ခမ်းထူထူလေးကအစ
မင်းသုံးတဲ့ရှန်ပူရနံ့လေးအဆုံး
သတိရတဲ့အခါလည်း ချောင်ထဲမှာခွေနေလိုက်တာပေါ့
ငါ့ရဲ့ကလိုရိုဖီးလ် မလေးရေ
ကမ္ဘာ ကြီးစိမ်းလန်းဖို့
             ငါမင်းကို လိုအပ်တယ်။ (ကြယ်ပန်းလူ)
 




ဟယ်လို ..... ဟယ်လို ..... ကြားရလား ။

ဘာသံတွေလဲ ။

သွားရင်းလာရင်းနဲ့ ဖိနပ်က သဲကြိုးပြတ်ထွက်သွားတယ် ။

လိုင်း သိပ်မကောင်းဘူး ။

လေနံ့ မိုးနံ့ ရတာနဲ့တင် အသက်ရှူမမှန်ချင်တော့ဘူး ။

ရာသီဥတုက "ဆောင်း" သာဆိုတယ် "ပူ" လိုက်တာ ။

မော်နီတာ ဖန်သားပြင် "ဖျတ်" ခနဲ ပိတ်သွားသလို ။

ဘာလုပ်လုပ် ဆောက်တည်ရာမရနဲ့ ။

"မလွမ်းပါဘူး" လို့ ကိုယ့်ကိုကိုယ် ရသလောက် ပြန် လိမ် တယ် ။ (ညီ စိမ်း)





ငါ့လက်မှာတင် ...
ငါ့လက်ပေါ်မှာတင် ...
ဘုရားပေးတဲ့ ကောင်မလေး ..
ဘုရားပေးတဲ့ ငါ့ ကောင်မလေး ...
ငါ့ လက်ပေါ်မှာတင် ...
       ငါ့ လက်မှာတင် ... ။(ရုပ်သေး)





ဝေးမှာကိုကြောက်ရင်
အဝေးကိုထွက်မသွားပါနဲ့ ။
ဒီဝါကျကတစ်ကြောင်းတည်းနဲ့ ခပ်ကွေးကွေးလေးလွမ်းမိပါတယ်
ဆင်တူယိုးမှား အကျိုးအကြေအိပ်မက်တွေက
ဖွဲ့စည်းတည်ဆောက်ပုံ မှားယွင်းနေခဲ့တာလား
တစ်ကယ်တော့
အလွမ်းဆိုတာ ကမ္ဘာ တစ်ပတ်လောက်ကြာတာတဲ့ ။  (အမည်မဲ့)