Sunday, January 31, 2010

ရင်ဘတ်နှစ်ခုဖြင့် တီးသော စည်သံမျာ

ရင်ဘတ်နှစ်ခုဖြင့် တီးသော စည်သံများ


ရင်ဘတ်နံပါတ် (၁)



ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာပြန်ကြည့်တော့ ‘သူမ’ ကိုမြင်သည်။ ‘သူမ’ က ဆံပင်ရှည်ရှည်တွေကို လေထဲပင့်သက်တင်နေပုံ ဘယ်ဘက်နဲ့ညာဘက်ပါးတစ်ဖက်တစ်ချက်စီမှာ ဝင့်ဝင့်ကြွားကြွား နေရာယူထားသော သနပ်ခါးပါးကွက်ကြား ၊ ချည်ချောထမီဖြင့် ရာစုသစ်ထဲ ရိုးယဉ်နေပုံက မှော်ဆရာလက်နှင့်ထိလိုက်သော စကားဝါပွင့်လေးဖြစ်နေပြန်သည်။ သူမကပြုံးပြသည်။ သူပြန်ပြုံးပြလိုက်မိသလား။ သူမတ်တပ်ရပ်လိုက်တော့ တောင့်တောင့်ကြီးပဲဖြစ်နေသည်။ ဒါပေမယ့် သူကွေးညွှတ်နေပြန်သည်။ သူမ၏လက်ထဲမှ ဘီးကလေး၏ အသွား(အချောင်း) လေးများဖြင့် သူ့ကိုယ်သူသပ်ချလိုက်သည်။ သူမက သူ့ကိုကြည့်မနေပါ။ ဒါပေမယ့် သူမ သူ့ကိုမြင်နေရသည်မှာ သေချာသည်။ သူမပါးစပ်မှ ရယ်သံလေးကို သူလေထဲမှာ အပြေးအလွှားလိုက်ဖမ်းရင်း ဘယ်ဘက်ရင်အုံထဲ အတင်းဖိကပ်ထိုးသိပ်လိုက်သည်။ သူ့သွေးကြောမျှင်တွေထဲမှာ သူမ၏ရယ်သံ တစ်စိတ်တစ်ပိုင်းလောက်တော့ စီးဆင်းနေလိမ့်မည်။ ‘ဒေါက်’ ခနဲ ပစ်မှတ်ကို အထိမှာ သူတုန်ခါသွားသည်။ အလယ်ဗဟိုတည့်တည့်မှာ ဓားသွားက စိုက်ဝင်နေသည်။ သူမက သူ့အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ပစ်မှတ်ဆီမှ သူဆုတ်ခွာလိုက်တော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသည်။ အလှမွေးငါးကန်ထဲမှ ငါးကလေးများ ပျံသန်းသွားကြသည်။ ပြတင်းပေါက်ဘောင်မှာ တေးဆိုနေသော ငှက်ကလေး လေထဲကူးခတ်. . . ။ သူမက ရယ်မနေ ၊ ပြုံးမနေတော့ပြန်ပါ။ သူမက စန္ဒရားခုံပေါ် လက်ထောက်၍ ပါးစပ်မှ တေးသွားတစ်ပုဒ်ကို ခပ်တိုးတိုးညည်းနေသည်။ ခေါင်းလောင်းသံတွေ သူ့နားထဲမှာကြားရသည်။ သူမက သူ့အားမျက်စောင်းထိုးသည်။ ဟိုးအဝေးဆီမှ လွင့်လာသော စန္ဒရားသံကို ကြားလိုက်ရသည်။ နေရောင်ခြည်တွေကို ဧည့်မခံသော အခန်းထောင့်တစ်နေရာလေးမှာ ပန်းအိုးလေးရှိသည်။ ပန်းတော့မရှိ။ ဧဒင်ဥယျာဉ်ထဲမှ ဝတ်မှုန်တွေ လူးလာပျံသန်းရင်း ပန်းအိုးလေးထဲအတင်းတိုးဝင်ကြသည်။ လက်ထဲကဓားကိုလွှတ်ချလိုက်တဲ့ ပန်းချီကားထဲမှ သူရဲကောင်းကို သူငေးစိုက်ကြည့်မိသည်။ သူမကို သူမတွေ့ရပြန်တော့ပါ။ သူမက ပုဝါတစ်ခုနဲ့ အိပ်မက်အဟောင်းတွေကို ဒိုင်ယာရီထဲမှ သွားပြန်ထုတ်နေသည် ဟု ပြောသည်။ သူ့အားပုဝါထဲမှ စိတ်ပန်းနီရဲရဲတောက်တစ်ပွင့်ပေးသည်။ နွေရာသီဖြစ်နေသည်။ သူမက သူ့အား ပုဝါတစ်ခုလုံးနှင့် ထပ်မံဖုံးလွှမ်းလိုက်လေသည်။ ထို့ကြောင့် သူမအား ချစ်သည်။ စကြဝဠာပြင်ပမှာ သူတဲလေးထိုးနေလိုက်သည်။




(ရင်ခွင်ရှိန်း)





ရင်ဘတ်နံပါတ်(၂)



သူမကိုချစ်သည်ဟု စတင်သိခဲ့ရသောနေ့က ကျနော်သူမကို ပိုချစ်သွားခဲ့သည်။ သူမသည် အနီရောင်ဝတ်ရုံစများဖြင့် လူးကြွတောက်လင်းနေသော စစ်နတ်ဘုရားမ အေသီးနားပမာ မီးလျံကြားမှာ ယိမ်းလွန့်ကခုန်နေခဲ့သည်။ ဧဒင်ဥယျာဉ် မည်သည့်အရပ်တွင်ရှိကြောင်း ကျနော်သိရပါပြီ။ သူမ၏ ပျားရည်ရောင်စကားလုံးများတွင် လူမိုက်တစ်ယောက်၏ရာဇဝင်များ ပျောက်ဆုံးခဲ့ရသည်။ ဓား၊လှံတို့လည်း ချိုးဖဲ့စွန့်ပယ်ခဲ့ပါသည်။ သက်တံ့တစ်ခြမ်းလုံး ပန်းနုရောင်များ ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် ကျနော်သူမကိုချစ်သည်။ ပန်းသီးတစ်လုံး၏ အတ္ထုပ္ပတိတွင် မည်သည့်သယံဇာတများမှ မပါဝင်ကြောင်းကို သူမသိအောင် ရှင်းပြပါမည်။ သူမ၏ ပါးလျလျ အရေပြားများတွင် ကျနော်ချစ်သော စိမ်းနုရောင်သွေးကြောမျှင် များရှိသည်။ 21 ရာစု၏ အရိုးသားဆုံးမျက်ဝန်းပိုင်ရှင်အဖြစ် သူမကို ကျနော်ရွေးချယ်ပါသည်။ သူမထံတွင် ကျနော်မသိသော အဖြူရောင်သင်္ကေတများရှိသည်။ ထို့ကြောင်း စစ်မြေပြင်ကို ကျနော်စွန့်ခဲ့သည်။ မြားတံများကို သီကုံး လေးကိုင်းကို အရိုးအဖြစ်သုံးပြီး ကျနော့်အရေပြားကို အရွက်လုပ်မိုးကာ သူမကို ထီးအဖြစ်ကာပေးပါမည်။ သူမထံတွင် 12 လရာသီ ဆောင်းဥတုလေးကို ကျနော်ရှာဖွေတွေ့ရှိခဲ့သည်။ ငရဲပြည်တွင် ဆီပူအိုးမှတစ်ခါပေါ်လျှင် တစ်ခွန်းသာအော်ခွင့်ရသော စကားတစ်ခွန်းအဖြစ် သူမ၏အမည်ကို ကျနော်ရွတ်ဆိုပါမည်။ သူမ၏ နှင်းဆီရောင်ပါးပြင်အတွက် ဥယျာဉ်မှူးတာဝန်ကို စေတနာသက်သက်ဖြင့် ကျနော်ယူပါမည်။ သူမပြုံးရယ်ပြလျှင် နှင်းဆီတို့ ကုဋေကုဋာမက ပွင့်နေကြမည်။ ထို့ကြောင့် ကျနော်တွေ့ရှိခဲ့သောဧဒင်က ပိုလှနေပါလိမ့်မည်။ သနပ်ခါးရောင် ခြုံလွှာပါးတို့ဖြင့် ကျနော့်ကမ္ဘာတစ်ခြမ်းကို သူမသိမ်းသည်။ သူမ၏မျက်လွှာကလေးဖြတ်ခနဲ့အဝင့်တွင် ကျန်နေသောကမ္ဘာတစ်ခြမ်းကိုပါ ကျနော်လက်နက်ချ လိုက်ရသည်။ သူမသည် ကျနော်ပိုင်သော အရာအားလုံးဖြစ်သည်။ ကျနော့်ကိုယ်ကို ကျနော်ချစ်သည်ထက် ကျနော်သူမကိုပိုချစ်သည်။ သူမလက်ညှိုးညွှန်သမျှ ပန်းအတိပြီးစေရပါမည်။ နေရောင်ခြည်သည် သူမအတွက်သာ နွေးထွေးစေခြင်းဖြစ်သည်ဟု ကျနော်စိတ်ချလက်ချ ယုံကြည်ပစ်လိုက်သည်။ ထို့ကြောင့်ကျနော် ရူးပါသည်။ အရူးတစ်ယောက်၏အိပ်မက်များတွင် သူမခြေသံတိုဖြင့် ခမ်းနားနေပေလိမ့်မည်။ ‘ . . .’ ခေါ်သံဖွဖွများတွင် ဒိုင်း ၊ လွှားတို့ ကျိုးပဲ့သွားရသည်။ အကာအရံကင်းမဲ့စွာ ရင်ဟင်းလင်းဖွင့်ထားလိုက်ပါသည်။ ကျေးဇူးပြုပြီး တံခါးခေါက်ရန်မလိုပါ။ ပွဲမစခင်ကပင် ကြိုးဝိုင်းတစ်ဘက်ခြမ်းမှာ အပြာရောင်အလံကို ကျနော်လွှင့်ထူထားပါသည်။ မြို့ပြရောင်တောက်တောက်များထဲမှ ကျနော့်၏ ကျေးလက်ပျိုမလေးအား ရိုးရိုးသားသား ချစ်မိပါသည် ။ သေနတ်ပြောင်းများကွေးကောက် မြားကျည်တောက်ကိုလည်းစွန့်ခဲ့ပြီ။ သူမ၏အလင်္ကာများဖြင့် စောင်းကောက်တို့လည်း ခန့်ညားနေလိမ့်မည်။ တယောအိုအို ၊ ညပျိုပျိုနှင့် လရိပ်လည်းချို ၊ ကြယ်လည်းချို တေးသွားတစ်ပုဒ်ငိုနေခဲ့သည်။ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူးတစ်ယောက် ၏ ဝင့်ကြွားခြင်းမျိုးဖြင့် လက်ခမောင်းခတ်ကာ ဟစ်ကြွေးချင်ပါသည် ။ ‘သူမကိုချစ်သည် . . . သူမကိုချစ်သည်. . . သူမကိုချစ်သည်’ ။


(ရိုးရာ)



Monday, January 25, 2010

ဒိုင်း

“ဒိုင်း”

ပြိုင်ပွဲစတာလား

တိုက်ပွဲစတာလား


တည့်တည့်မတ်မတ်လာတာလား

မိုးပေါ်ထောင်တက်သွားတာလား

တစ်ခုပဲ . . . . မ ခါး ဘူး ။


--
လရိပ်ပျိုးသော ပန်းပင်လယ် (ရိုးရာ)
http://yoeyarpoet.co.cc/

ကဗျာ

၁ - နေရာယူ
၂ - အဆင်သင့်
၃ - မောင်းချိန်
၎ - ကျည်ဆံထည့်
၅ - ဝပ်
၆ - ပစ်
နိုင်
ပြီ

အပါယ် (၄) ပါး

ငရဲ

ကယ်ကြပါဦးဗျို့ . . .
ဒီမှာ မီးလောင်နေလို့. . . .
(ကျေးတော်မျိုး)

တိရာစ္ဆာန်

ကယ်ကြပါဦးဗျို့. . .
ဒီမှာ ခွေးလိုက်ဆွဲနေလို့ . . . .
(ရင်ခွင်ရှိန်း)

ပြိတ္တာ

ကယ်ကြပါဦးဗျို့. . .
ဒီမှာ ဗိုက်ဆာနေလို့ . . . .
(ရိုးရာ)

အသုရကာယ်

ကယ်ကြပါဦးရှင့်. . .
ဒီည လှည့်ကင်းရှိတယ်တဲ့. . .
( သရဲစိမ်း)


နောင်တော်ကြီးလေးဦး၏ ဓာတ်ကြီးလေးပါး ကဗျာရှည်ကြီးလေးပုဒ်အား နှစ်ခြိုက်မိသောကြောင့် ချစ်ခင်လေးစားမှုဖြင့် ကျီစယ်ထားခြင်းသက်သက်သာ ဖြစ်ပါသည် ။

သူငယ်ချင်းသို့ . . . နှင်း

သူငယ်ချင်းသို့ . . . နှင်း

Happy Birthday စုလဲ့မ . . . ။ ကဲ ငါနှင်းစကျတော့မယ် ။

၁ . . . ၂ . . . ၃ . . . ဆိုတာနဲ့
နင့်စိတ်တွေ ဖွင့်ပစ်လိုက်တော့ သူငယ်ချင်း
နင်တစ်ယောက်တည်းအတွက်
နှင်းကွက်ကြားကျနေတာ တွေ့ရလိမ့်မယ် ။

နင်သိလား . . .
သူငယ်ချင်းတွေဟာ
ဝိဥာဉ်ချင်း ကပ်လျက်ရှိကြသတဲ့
နှင်းပုံပြင်ထဲက ကောင်မလေးရဲ့. . . ။
ငါက နှင်းတွေကျပေးနေတော့
နင်က နှင်းတွေ မြင်နေရမှာပဲပေါ့ ။

နင့်အတွက်လေ
အဖြူရောင်ရပ်ဝန်းက လက်ဆောင်တွေယူလာတယ်ဟ
“က”ကြီးပုံသွားကလေးနဲ့
ငါ့ကိုကိုက်တဲ့ သူငယ်ချင်းခွေးမလေးရ ။

တကယ်တော့ဟာ . . .
နှင်းဆိုတာ နင့်မှာ အမြဲရှိနေပါတယ်
နင်ပြုံးတိုင်း နင့်အနားမှာ
နှင်းတွေပိုးပိုးပေါက်ပေါက်ရွာနေခဲ့တာကို
နင်မသိတာပါ သူငယ်ချင်းရာ။

ဟိတ် ကလေးမ
နင့်မှာ . . . .
ဘုရားသခင်ပေးထားတဲ့
ကိုယ်ပိုင်ဆောင်းရာသီလေးရှိပါတယ်။

ကဲ . . . စမယ်
၁ . . . ၂ . . . ၃ . . .
နှင်းတွေ “ဟုန်း”ခနဲလင်းလို့. . . .. ။



သူငယ်ချင်းစုလဲ့အတွက် မွေးနေ့လက်ဆောင်

လူခြေတိတ်ချိုပေါ့

လူခြေတိတ်ချိုပေါ့

ရောင်စုံစက္ကူစွန်တစ်ကောင်ရဲ့

မရိုးမသားညပါ

ရောက်တတ်ရာရာအတွေးနဲ့
လူလိုတွေးကြည့်တဲ့…….နွား
ဂျိုရာမကင်းတာတော့ သေချာတယ်။
အနာရွတ်တိုင်းက
ကိုလက်စထရောမပါတဲ့ သကြားလို
မပီမသနဲ့. . . .
ညဟာတော့ ညလိုပဲ နေတယ်
ငါတို့သာ ငါတို့လို မနေတတ်ခဲ့ကြတာ။
စိတ်မပါလက်မပါ ကိုယ်ဝန်ဆောင်သည်လို့
ငါ့ကိုဂျိုမတပ်နဲ့
ဒီအိပ်မက်ကငါ့အတွက်မဟုတ်ဘူး
အယောင်ဆောင်မျက်နှာဖုံးတွေကြားက
မင်း…..ကောင်းစားဖို့ အတွက်ပါ။
ဒီတစ်ခါ . . .
လုပ်ချင်ရာလုပ်နေတဲ့လူသုံးယောက်မှာ
တစ်ယောက်က ချုပ်ရာဗရပွနဲ့
သူ့ဒဏ်ရာ သူလျှာနဲ့သပ်ပြတယ်
‘အား. . . . နာတယ’်
သောက်……………..
(တောက်မခတ်တတ်တဲ့…နွား)
ဘာသာစကားတွေ…ခဏ ခဏမှားတယ်
အလိုလိုက်လို့ အမိုက်စော်ကားတာ
သေချာတွေးရင်…………..
ကိုယ့်အိမ်မွေးခွေးတစ်ကောင် ကိုက်သလိုပဲ
အား(. . . .)နာတယ်
မိတ်ဆွေ……………..
ဒီအိပ်မက်ကို မက်မယ်ဆို
သင့်အတ္တကို အပြင်မှာထားခဲ့ပါ။
ထုတ်ထားလို့ရသမျှ . . . . .
သယ်ထားပြီး သယ်ထားလို့ရသမျှ
ထုတ်ထားခဲ့လိုက်တယ် . . .
ညဟာ အချိုပေါ့ပေါ့နဲ့ ယိုစီး ကျ နေ ရဲ့ ။
ကြယ်တွေက ငါ သံနဲ့အတူလင်းလို့
တစ်ချို့တစ်ချို့ ချို့တဲ့မှုနဲ့အတူ
မိုးအလင်း လက်ဘက်ရည်ဆိုင်ထိုင်လို့
ချိုပေါ့ကျတစ်ခွက်နဲ့ ညကလည်း
ကိုလက်စထရော မျှမျှတတနဲ့
သွေးစက်ကို မြိုချလို့ . . . . . .။

ညလိုက်ကာကို ဖွင့်ချလိုက်တယ်
သွေးစေးတွေ ပြစ်ချွဲ . . . . . . . .
ဒီည မင်းနဲ့ငါနဲ့
ကဗျာဆွဲပြီး စစ်တိုက်ကြတာပေါ့ ။


ကျေးတော်မျိုးနှင့်ရိုးရာ တစ်ဦးကို တစ်ဦးစစ်ကူပေးပြီး ပစ်ခတ်ထားကြသည်

Saturday, January 16, 2010

ရက်စွဲအမှားများ

ကေသရီရေ. . .

ကျနော့်ကို အပြစ်တွေရှာပေးပါ

ကျနော့်မှာ ကိုယ့်အရိပ်ကိုပဲ ကိုယ်လက်ညှိုးထိုးလိုက်ရတော့တယ်။

ကျနော် တိတ်တိတ်လေး ပျိုးထားတဲ့ လမင်းက

ကောင်းကင်ထဲကို ခုန်ချသွားတယ်

နှင်းဆီတွေ နောက်တစ်ခါဆူးကြပြန်ပြီ ကေသရီ။

တစ်ကြိမ်တစ်ခါတည်းနဲ့

ပြောလို့မထွက်ခဲ့တဲ့စကား

နောက်ဘ၀များစွာအတွက်

ကျနော်သိမ်းထားလိုက်ပါတယ်။

ကျနော့်အပေါ်အရိပ်တွေမိုး

နတ်ဆိုးလို့လည်းခေါ်ခံရဲခဲ့ရတယ်

ကျနော် တိတ်တိတ်လေး လွမ်းပါရစေ

မပြောပဲ မဆိုပဲ လွမ်းနေပါရစေ ကေသရီရေ။

ပင်လယ်ကို မမြင်ဖူးတဲ့ ကျနော်

နေ၀င်တာကို မြင်လိုက်ရပြီ ကေသရီ

နေရောင်ခြည်ကို မထိတွေ့ဖူးသေးခင်

နေ၀င်တာကို အရင်မြင်ဖူးလိုက်ရပြီ ။

ကျနော်ကိုယ်တိုင် နေနဲ့ကမ္ဘာကြား

ရောက်သွားရသလိုမျိုးပေါ့

ထူးထူးကဲကဲပါပဲ

ကေသရီတစ်ကိုယ်စာလေးပဲ

ကျနော်လင်းပေးခဲ့ဖူးတယ် ။

ကေသရီကို ကျနော်လိုက်ရှာနေတုန်းမှာ

ကေသရီကို ရှာတွေ့သွားကြပြီလေ

လုံအောင်ပုန်းပါကေသရီ

ပွဲပြီးတော့ ကျနော်ကလိုက်သူပြန်ဖြစ်တယ်။

ခုတော့ သွားကြပြီ ကေသရီရေ

သွားလို့ရတာတွေ အားလုံးသွားကြပြီ

ကျောက်ကြိုးငြိတဲ့ကျနော်သာ

ရေတိမ်တိမ်မှာ နစ်လို့ကောင်းရင်း ကျနေခဲ့ပြီကွယ် ။

Thursday, January 14, 2010



ရချင်တာတွေ များတယ်

"ရူးပြီ"

ကြေကွဲ

သူရဲကောင်းကြီးပဲ
ပန်းတစ်ပွင့်ရှေ့မှာ ဓားရေးလာပြနေတယ်
နာမည်တစ်လုံးနဲ့တောင်မှ
သေမလောက်စုတ်ပြဲပေးခဲ့ရပြီးတော့. . . .

" မာန "

" မာန "



ကိုယ့်ဒဏ်ရာကိုယ်လက်နဲ့ပိုက်ရင်း
မိုးရွာနေတဲ့တိမ်တွေကို လှမ်းအော်လိုက်တယ်

. . . " တိတ်စမ်း " . . . .

ဇာတ်ညွှန်း

ဇာတ်ညွှန်း



ဒီတစ်ခါ . . .
ပြီးပါပြီ က ပြန်စမယ်

စိတ်ပျက် လက်ပျက်

စိတ်ပျက် လက်ပျက်


အရာရာ ကစလွဲနေတယ်
ဘယ်ကနေပြန်စရမလဲမသိဘူး
ဟူး. . . . . အသက်ရှူရတာတောင်
မော. . . .တယ်

ယုံကြည်မှုဆိုင်ရာ ဘာသာဗေဒ

ယုံကြည်မှုဆိုင်ရာ ဘာသာဗေဒ

ငါတို့က လူငယ်တွေဖြစ်တယ်. . .

ငါတို့က ဂျင်းဘောင်းဘီကို ထည်လဲဝတ်တယ် . . .

ငါတို့က နားကပ်တွေ အမျိုးမျိုးတပ်တယ် . . .

ငါတို့က ပေါ့ပေါ့ပါးပါး နေတယ်. . .

ငါတို့မှာ အငှားခံစားတတ်တဲ့ ရင်ဘတ်တွေရှိတယ် . . .

ငါတို့မှာ ယုံကြည်လေးမြတ်တဲ့အရာတွေရှိတယ်. . .

ငါတို့မှာ ရိုးစင်းတဲ့ မျှော်လင့်ချက်တွေရှိတယ် . . .

ငါတို့က လိုအပ်သမျှကို လုပ်နိုင်သမျှ လုပ်တယ် . . .

ငါတို့က နှုတ်ဖျားက ဖရုဿဝါဆာနဲ့ ရင်ထဲကခင်မင်မှုကို ညွှန်းတယ်. . .

ငါတို့မှာ အချင်းချင်းသာနားလည်နိုင်တဲ့ ဘာသာဗေဒကိုယ်စီရှိတယ် . . .

ငါတို့မှာ သူတစ်ပါးလှေအတွက် တက်တစ်ချောင်းဖြစ်ဖြစ်ဝင်လှော်ပေးချင်တဲ့ ဆန္ဒတွေရှိတယ် . . .

ငါတို့က ၀ိဥာဉ်တူချင်း စုဖွဲ့ကြတယ် . . .

ငါတို့က အနှစ်သာရချင်း ဝေမျှကြတယ် . . .

ငါတို့က အခြားမျှော်လင့်ချက်တွေအတွက် ငါတို့ဦးတည်ချက်တွေပေးတယ် . . .

ငါတို့က လက်ချင်းတွဲထားတဲ့ တောင်တန်းတွေဖြစ်တယ် . . .

ငါတို့က အနံ့ဆိုးတွေကြားမှာ နှာခေါင်းမရှုံ့ပဲ သွားနေကြသူတွေဖြစ်တယ် . . .

ငါတို့က ဥယျာဉ်မှူးလို့အမည်မခံပဲ ပန်းတွေလည်းစိုက်ကြတယ် . . .

ငါတို့က နာမည်အမှန်ကို မသိကြပေမယ့် စိတ်အမှန်ကိုတော့ နားလည်ကြတယ် . . .

ငါတို့မှာ နာမည်ပြောင်တွေ ကိုယ်စီရှိကြတယ် . . .

ငါတို့မှာ နောက်ပြောင်တတ်တဲ့ ဥာဉ်ကလေးတွေရှိကြတယ် . . .

ငါတို့မှာ ငါတို့ကို ဆန်ကုန်မြေလေးလို့ပြောချင်သူတွေလည်း ၀ိုင်းနေကြတယ် . . .

ငါတို့မှာ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်ဆိုးလေးတွေလည်းရှိကြတယ် . . .

ငါတို့မှာ တစ်ယောက်ယုံကြည်မှုကို တစ်ယောက်ဖတ်ပေးတဲ့ သူငယ်ချင်းအကောင်းစားတွေလည်း ရှိကြတယ် . . .

နောက်ပြီး ငါတို့မှာ ကိုယ့်ခြေရာကိုယ်ပြန်ကြည်ရင်းနဲ့ တစိမ့်စိမ့်ဖြစ်တဲ့ ပီတိလေးတွေလည်း ရှိကြတယ် . . . ။ ။

ပျော်ပျော်ပါးပါး ကျိုက်ထီးရိုး ခရီးသွား (၁)

ပျော်ပျော်ပါးပါး ကျိုက်ထီးရိုး ခရီးသွား (၁)

ကျိုက်ထီးရိုးဆံတော်ရှင်

ကျနော်တို့ mysuboo ၀ိုင်းတော်သားများရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို 30 ရက်နေ့ညမှာ စတင်ခဲ့ပါတယ်။ အစကတော့ လူ30လောက် လိုက်ပါရန်ရှိတဲ့အတွက် ကားစီးလုံးငှားပြီး သွားမလို့ပါပဲ။ သွားမယ့်ရက်လည်းနီးရော အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်တဲ့လူတွေရှိလာတဲ့အတွက် လူ15 ယောက်သာကျန်ပါတယ်။ ဒါနဲ့ပဲ မူလအစီအစဉ်ကိုဖျက်ပြီး မိဘမေတ္တာဘုရားဖူးယာဉ်နဲ့သွားကြဖို့ စီစဉ်လိုက်ရပါတယ်။

ထွက်ခွါမယ့်နေ့မှာ ည 93း0 နာရီကို ဗိုလ်မင်းရောင်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်က ဘုရားဖူးကားများထွက်ခွါ မယ့်နေရာကို စုရပ်အဖြစ်သတ်မှတ်ချိန်းဆိုလိုက်ပါတယ်။ အမြဲတမ်းနောက်ကျတတ်လို့ စောစောထွက်လာတဲ့ ကျနော်က စုရပ်ကို 9း00 ခန့်မှာရောက်နေပါတယ်။ ထုံးစံအတိုင်း ဘယ်သူမှ မရောက်သေးပါဘူး။ ခုနစ်နာရီလောက်ကတည်းက ရောက်နေမယ်ဆိုတဲ့ ကိုစိုးမိုးကိုလည်း အရိပ်တောင် မတွေ့ရပါဘူး။ တစ်ယောက်တည်း ဆက်စောင့်နေရတာ နာရီဝက်လောက်လည်းကြာရော နုတဲ့ လှတဲ့ စုလဲ့မ နဲ့ သူမသူငယ်ချင်း မီးမီးခိုင်တို့ ရောက်လာကြပါတယ်။ (စုလဲ့မ မုန့်ကျွေးပေတော့ :P ) ။ အမြဲတမ်းလွဲတဲ့ mysuboo ရဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ သူမတို့ငှားလာတဲ့ကားသမားက စုရပ်နေရာကိုမသိလို့ နောက်ကျရကြောင်း ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရောက်လာတော့ တစ်ယောက်တည်းတုန်းကလို ကြောင်တောင်တောင်ဖြစ်မနေတော့တာတော့ အမှန်ပါ။ ကျနော်တို့သုံးယောက် နီးရာလက်ဘက်ရည်ဆိုင်ထဲက ထိုင်စောင့်နေရတာ နောက်ထပ် နာရီဝက်လောက်ထပ်ကြာသွားချိန်မှာတော့ ဆိုင်ရှေ့ကနေ မယောင်မလည် ဟိုကြည့်ဒီကြည့်နဲ့ ဖြတ်လျှောက်သွားသူက တစ်ခါတစ်ခါလှတဲ့ ၀ါဝါမပါ။ သူနဲ့အတူ သူ့လေဒီ မကဗျာ၊ ကိုစိုးမိုး ၊ ကိုလူလိန်နဲ့ အခြားလိုက်ပါမယ့်သူတွေပါ ရောက်ရှိလာပါတယ်။ လွဲချက်ကနာတာလား စကတည်းက ယဉ်တာလားတော့မသိဘူး ၀ါဝါတို့ငှားလာတဲ့ကားကလည်း စုရပ်ကိုပတ်ရှာနေတာ တခြားနေရာတွေနှံ့နေပီ ဒီတစ်နေရာပဲကျန်တော့မှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတယ်တဲ့။ ကောင်းရော။ ဒီခရီးစဉ်မှာတော့ ကိုလူလိန် ၊ ကိုစိုးမိုး ၊ ကိုသူရဿဝါ ၊ ကျနော် ၊ ရဲပိုင်ဖြိုး ၊ ကိုသက်လွင် ၊ မမီးမီး ၊ မခင်နှင်းကြည် ၊ မခင်သူဇာစိုး ၊ ဇူလိုင်ဆူး ၊ စုလဲ့ ၊ကိုဟိန်းထက် ၊ မီးမီးခိုင် ၊ မကဗျာနဲ့ မထက်ထက်လတ်တို့ လိုက်ပါကြမှာဖြစ်ပါတယ် ။

အားလုံးစုံပြီဆိုတော့မှ 10 နာရီထွက်မယ်ဆိုတဲ့ကားက 11 နာရီထိရောက်မလာပြန်ပါဘူး ။ တာဝန်ရှိသူတွေကို မေးကြည့်တော့ အဲဒီကားက ၀ါယာရှော့ခ်ဖြစ်ပြီး TV လောင်ထားလို့ ၀ါယာထိန်းပြန်ကိုင်ထားရတာတဲ့ ။ ခုထွက်လာမှာ လေအိတ်ပေါက်သွားလို့ပါတဲ့ ။ လွဲတာမှ ကမ်းကုန်ပါပဲ။ ဒါပေမယ့်လည်း ထုံးစံအတိုင်း စလိုက် နောက်လိုက်နဲ့ ပျော်ပျော်ပါးပါးဆက်စောင့်ကြပါတယ်။ ဒီခရီးစဉ်မှာ မပါတဲ့ ကိုဖီဒိုကြီးကလည်း မထင်မှတ်ပဲ ရောက်လာပါတယ်။ သူ့ကို လိုက်ခဲ့ဖို့ဝိုင်းခေါ်ကြပေမယ့် ငြင်းနေလို့ တုတ်နဲ့မေ့အောင်ရိုက်ပြီး ခေါ်သွားမယ့်အထိတောင် ကြံစည်မိပါတယ်။ (ကိုဖီဒိုရေ လွန်တာရှိရင် ၀န္တာမိနော် ချော်တီး ) ။ 10 နာရီမှာ ထွက်မယ့်ကားကြီးက 1း00 ထိုးမှ ကားရောက်လာပါတယ် ။ (တော်သေးတယ် ဖုန်းဆက်မေးတုန်းက တိရာစ္ဆာန်ရုံနားရောက်နေပါပြီဆိုလို့ ပိုင်ရှင်က စိတ်ပေါက်ပြီး တိရာစ္ဆာာန်သုံးကောင်လောက် ၀င်ဖမ်းခဲ့ပါလားပြောတာကို တကယ်မှတ်ပြီးဝင်ဖမ်းမနေလို့။ တကယ်ထင်ပြီးများ ၀င်ဖမ်းနေလို့ကတော့ ဘုရားရေ ကံကြီးလို့ပါလားနော်) ။ ကားပေါ်မှာ နေရာ ချတော့ ကျနော်တို့ အဖွဲ့က ညာဘက်ခြမ်းတစ်ခြမ်းလုံးနီးပါးပါပဲ ။ ရှေ့ဆုံးမှာ စုလဲ့နဲ့ မီးခိုင် နောက် ကျနော်နဲ့ ကိုစိုးမိုး ၊ ၀ါဝါနဲ့ကဗျာ ၊ မခင်သူဇာစိုးနဲ့ ဇူလိုင်ဆူး ၊ ကိုလူလိန် (သူက only one) စသဖြင့်အသီးသီးနေရာယူထွက်ခွါခဲ့ကြပါတယ်။ နောက်တစ်ဖွဲ့ကိုတော့ ယုဇနအိမ်ယာမှာ ၀င်ခေါ်ရပါတယ် ။ လွဲချင်တော့များ မြေကြီးလက်ခတ်တာတောင်လွဲတယ်။ ယုဇနကအဖွဲ့ကို ခေါ်ပြီး ပြန်အထွက်မှာ ကားဆရာကလမ်းပျောက်နေလို့ လည်နေလိုက်သေး။ အဲဒီလို အဆင်ပြေပြေနဲ့ပဲ ကျနော်တို့ရဲ့ ကျိုက်ထီးရိုးခရီးစဉ်ကို စတင်ထွက်ခွါခဲ့ပါတော့တယ် ။ (ခုမှစတာနော် ဒန့် . . . တန့် . . . တန့် ) ။

လမ်းမှာမပျင်းရအောင်ဆိုပြီး ကားဆရာများက ဟင်္သာတထွန်းရင်၊စိုစန္ဒာထွန်းတို့နဲ့ ဖျော်ဖြေပါတယ်။ တစ်ကားလုံး အိပ်လိုက်ကြတာ အတုံးအရုံးပါပဲ။ ကျနော်တို့ ရှေ့ဆုံးက လေးယောက်ကတော့ ရယ်စရာတွေပြောရင်းလိုက်လာ ကြပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ခဏနားတော့ အားလုံးကို ကိုလူလိန်က ကော်ဖီတိုက်ပါတယ်။ (မလိုက်သူ များ မသောက်ရပါ ) ။ ကားပြန်ထွက်တော့ တွံတေးသိန်းတန်နဲ့ ဖျော်ဖြေမယ်လုပ်နေလို့ ကျနော်တို့မှာပါလာတဲ့ ကိုစိုးမိုးလက်စွမ်းပြ mysuboo donation အခွေကိုဖွင့်ခိုင်းရပါတယ်။ (ကြုံတုန်းကို marketing ပါဆင်းပစ်လိုက်တယ်) ။ နောက်တော့လည်း တောင်တက်ဖို့ရှိသေးတဲ့အတွက် အားမွေးဖို့ အိပ်ရတာပါပဲ ။ (အိပ်ချင်တာကို အိပ်ချင်တယ်မပြောဖူး အဟိ) ။ ကားက ကင်မွန်းစခန်းကို နံနက် 43း0 လောက်မှာ ရောက်ပါတယ် ။ ကားပေါ်ကဆင်းဆင်းချင်းပဲ ကျိုက်ထိုမြို့ရဲ့အအေးဓာတ်က ကျနော်တို့ကို ဆီးကြိုနှုတ်ဆက်ပါတယ်။ ပါးစပ်ထဲက အငွေ့တွေထွက်တာကို သဘောကျပြီး တဟားဟားနဲ့ မှုတ်နေလိုက်ကြတာ အာခေါင်တွေတောင်ချောက်တဲ့အထိပါပဲ။ တောင်ခြေက ကောင်းစံစားသောက်ဆိုင်မှာ ခဏနား နံနက်စာစားပြီးတော့ 53း0 လောက်မှာ တောင်တက်ခရီးကို စတင်ခဲ့ကြပါတယ်။

ပျော်ပျော်ရွှင်ရွှင် တောင်တက်စဉ်

မခင်သူဇာစိုး ၊ ဇူလိုင်ဆူး ၊ မခင်နှင်းကြည် ၊ ကိုသက်လွင် ၊ကိုဟိန်းထက် ၊ မမီးမီးတို့ကတော့ ကားနဲ့တက်ကြမှာ ဖြစ်ပါတယ်။ စုဗူးနားယားကားကြီး ကိုလူလိန်ခေါင်းရှောင်တဲ့ ( ရှော်တီး မှားလို့) နာယကကြီး ကိုလူလိန်ခေါင်းဆောင်တဲ့ ကျနော်တို့ အဖွဲ့ကတော့ အထုပ်တွေကို အထမ်းငှားတင်ပြီး ခြေလျှင်ခရီးကို ပျော်ပျော်ကြီးစတက်ခဲ့ပါတယ်။ နံနက်ခင်း မှောင်မှောင်လေးမှာ ဓာတ်မီးလေးတွေနဲ့တောင်တက်ရတာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံ အသစ်အဆန်းတစ်ခုပါပဲ။

မှောင်ရီဝိုးတ၀ါး ကျိုထီးရိုးတောင်တက်သမား

တောင်တက်လမ်းကလေးကတော့ နေထွက်လာတာနဲ့အမျှ အတက်အဆင်းဘုရားဖူးတွေရဲ့ အားပေးသံ အော်ဟစ်နောက်ပြောင်သံတွေနဲ့ အသက်ဝင်လာပါတယ်။ ဆင်းလာတဲ့လူတွေကလည်း တက်လာတဲ့လူတွေကို အားပေးကြ တက်တဲ့လူအချင်းချင်း ဆင်းတဲ့လူအချင်းနောက်ပြောင်ကြနဲ့ ပျော်စရာပါ။ ဒါပေမယ့် ရုန့်ရင်းရိုင်းစိုင်းမှု အလျင်းမရှိကြပါဘူး။ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။ တောင်ဝှေးလေးတွေထောက်ပြီး ကိုယ့်အချင်းချင်း ဖေးမပြီး နောက်ရင်း ပြောင်ရင်း တောင်တက်ရတာ တကယ်ကို ပျော်စရာတစ်ခုပါပဲ။ ကျနော်က တော့ အဲဒီမှာ စတွေ့တယ်လို့ပဲ ဆိုရမလားပဲ ။ စုလဲ့နဲ့မီးခိုင်တို့က ကျောပိုးအိတ်တစ်လုံး လက်ဆွဲအိတ်အလတ်တစ်လုံး အသေးတစ်လုံးပါလာပါတယ်။ အထမ်းငှားတုန်းကလည်း အိတ်အသေးက မုန့်တွေပါတယ် ဟိုအိတ်က ဘာတွေပါတယ် ဒီအိတ်က ဘာတွေပါတယ် ဟိုအိတ်က ညာတွေပါတယ်နဲ့ မအပ်ကြပါဘူး ။ ခရီးတောင်မစရသေးဘူး လက်ဆွဲအိတ်အလတ်တစ်လုံးက ကျနော့်ပခုံးပေါ်ရောက်လာပါတော့ တယ်။ တော်သေးတာက လွယ်ကြိုးပါလာလို့ သိုင်းလွယ်လာခဲ့လို့ရတာ။ လမ်းမှာလည်း စုလဲ့က အိတ်ထဲမှာပါလာတဲ့ ချိုချဉ်ထုပ်ကို ဖောက်ပြီး တွေ့သမျှကလေးတွေကို အကုန်လိုက်ဝေပါတယ် ။ (ဒါကြောင့်လည်း စုဂျလီနာဂျိုလဲ့ လို့ခေါ်တာ) ။

စုဂျလီနာဂျိုလဲ့ နှင့် ကျိုက်ထီးရိုး အတက်လမ်းမှ မီးလှုံနေသောခလေးငယ်များ

ခရီး 3 ပုံ 1 ပုံတောင် မကျိုးသေးဘူး လက်ဆွဲအိတ်အသေးလေးပါ ကျနော်ဆွဲရပါတော့တယ်။ (စုလဲ့နဲ့ မီးခိုင်ရေ ၀ဋ်ကြွေးရှိရင်လည်း ကြေပါတော့နော်) ။ တောင်တက်ခရီးက 8 မိုင်ခန့်ရှိပါတယ်။ တက်စက တက်ကြွနေသလောက် တဖြည်းဖြည်းနဲ့ လူတွေက ယိုင်နဲ့လာပါပြီ ကိုလူလိန် ၊ မထက်ထက် နဲ့ ရဲပိုင်ဖြိုးတို့ကတော့ ရှေ့ကနေတက်သွားပြီး ကျနော်တို့နဲ့ မျက်ခြေပြတ်သွားတာ တောင်ပေါ်ရောက်တဲ့အထိပါပဲ။ (အဲဒီတော့ သူတို့တွေ အတက်မှာ ဓာတ်ပုံမရိုက်ရတော့ဘူးပေါ့ ကင်မရာမန်းက ကျနော်တို့နဲ့ ကျန်ခဲ့တာလေ )

ကျနော်တို့အဖွဲ့ကတော့ ရှုခင်းကောင်းကောင်းတွေ့ရင် ဓာတ်ပုံရိုက်လိုက် နားစရာတွေ့ရင်နားလိုက် စားလိုက်သောက်လိုက် စလိုက်နောက်လိုက်နဲ့ပဲ ဖြည်းဖြည်းချင်းတက်လာခဲ့ကြပါတယ်။ စိတ်ကဆောင်နေလို့သာ တက်နေရပေမယ့် ခြေထောက်တွေက ပါမလာကြတော့ပါဘူး ။ နေကလည်း မြင့်သထက်မြင့်လာပါပြီ။ ကိုစိုးမိုးကတော့ ကျနော့်ဆီက အိတ်တစ်လုံးကို သူတစ်လှည့် ကိုယ်တစ်လှည့် ကူသယ်ပေးပါတယ်။ သူကတော့ ရှေ့ကနေ ဓာတ်ပုံတွေရိုက် ဗွီဒီယိုတွေရိုက်လိုက်နဲ့ တက်ပါတယ် ကျနော်တို့ကလည်း သူ့နောက်ကနေ လိုက်တက်ပါတယ်။

မောတော့မောတာပေါ့ ဒါပေမယ့် မောတယ်

မောတာကလွဲလို့ တောင်တက်ရတာ ပျော်ဖို့ကောင်းပါတယ်။ စိတ်ထဲမတွေ့တာတစ်ခုကတော့ အလှူခံမဏ္ဍာပ်တွေပါ။ ကျနော်တို့တွေက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပါ။သဒ္ဒါတရား မခေါင်းပါးကြပါဘူး။ ဘုရားနယ်မြေမှာ ဖိနပ်မစီးရတာလည်း ကျနော်တို့ သိပါတယ် ။ ဒါပေမယ့် သူတို့က ဘုရားနယ်မြေတင်မဟုတ်တော့ဘူး လူသွားနေတဲ့လမ်းကိုပါ ခွပြီး မဏ္ဍာပ်တွေဆောက်တယ်။ ကျနော်တို့က တောင်တက်ရလွယ်ကူအောင် အအေးဒဏ်ခံနိုင်အောင်ဆိုပြီးတော့ walking shoe တွေစီးလာပါတယ်။ ခဏခဏ ၀တ်လိုက်ချွတ်လိုက်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကဲ ထားပါတော့ဘုရားအလှူခံမဏ္ဍာပ်တွေ ကတော့။ ဒါပေမယ့် နန်နန်းတွေကပါ မဏ္ဍာပ်တွေထိုးပြီး ဖိနပ်ချွတ်ခိုင်နေတာတွေ့တော့ ကျနော့်စိတ်ထဲမှာ မသက်မသာပါပဲ။ ဒီ့ထက်ဆိုးတာက တောင်ပေါ်ရောက်ကာနီးတွေ့ရတဲ့ အလှူခံမဏ္ဍာပ်ဆီက အသံချဲ့စက်မှတစ် ဆင့်ထွက်ပေါ်လာတဲ့အသံပါပဲ။ အဲဒီလူကတော့ အဟောအပြောကောင်းလို့လားမသိဘူး မနားတမ်းကို ပြောနေတာပါ။ ကြားနေရတဲ့ကျနော်ကတော့ စိတ်ထဲမှာ မကျေမလည်ဖြစ်ရပါတယ်။ အဲဒီမဏ္ဍာပ်မှာ အလှူငွေထည့်ရင် အလှူငွေဖြတ်ပိုင်းကို ကိုယ်တိုင်ရေးရပါတယ် ငွေဖလားတွေနဲ့ ဘောက်ချာစာအုပ်တွေကို တန်းစီချထားပေးပါတယ်။ လူမစောင့်ပါဘူး။ နောက်တစ်ချက်က ကိုယ့်နာမည်နဲ့ကိုယ်လှူလို့မရပါဘူး။ မိဘနာမည်နဲ့ပဲလှူရပါတယ်။ အဲဒီလိုလှူရင် မိဘကိုပြစ်မှားမိတဲ့အပြစ်တွေပပျောက်ပါတယ်တဲ့။ကျနော်လည်း သိလို့တော့မဟုတ်ပါဘူး။ သိသလောက်ကတော့ ဘုရားဟောမှာ အကုသိုလ်ကို ကုသိုလ်နဲ့ချေဖျက်တယ်လို့ မတွေ့မိပါဘူး။ ကုသိုလ်ချိန်မှာ ကုသိုလ်အကျိုးစံစားရပြီး အကုသိုလ်ချိန်မှာ အကုသိုလ်အကျိုး ခံစားရပါတယ်။ ကဲ . . . ထားပါဦး။ ကျနော်တွေးမိတာက အဇာတသတ်လက်ထက်တုန်းကများ ဒီအလှူခံမဏ္ဍာပ်ရှိခဲ့ရင် . . . . . . ဆက်သာတွေးကြည့်ကြပါတော့ဗျာ. . . .။ဒါမျိုးလေးတွေကလွဲလို့ တောင်တက်ခရီးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်ကနားလိုက် နောက်အဖွဲ့ကကျော်လိုက်။ သူတို့နားတော့ ကိုယ်ကပြန်ကျော်လိုက်နဲ့ တစ်ပြန်တစ်လှည့်ပါပဲ။ ဆုံမိပြီဆိုရင်လည်း ဒီတောင်တက်လမ်းရောက်မှ ဆုံဖူးတဲ့လူတွေလို့တောင် မထင်ရပါဘူး။ စလိုက် နောက်လိုက်နဲ့ပါ ။ ချစ်စရာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပေါ့။ဒီလိုနဲ့ တက်လာလိုက်တာ နေ့လည် 11 နာရီလောက်မှာ တောင်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါပြီ။ မုခ်ဦးကြီးကိုလည်း တွေ့လိုက်ရရော မောခဲ့သမျှအားလုံးက ဘယ်နားကျကျန် နေခဲ့သလဲတောင် မသိတော့ပါဘူး။

ကဲ ရောက်ပါပြီ

လွဲချင်တော့များပြောပါတယ် တောင်ပေါ်ရောက်ခါနီးမှ ၀ါဝါနဲ့ ကဗျာက တစ်ခြား ကိုစိုးမိုးက တစ်ခြား ကျနော်၊စုလဲ့နဲ့ မီးခိုင်တို့ကတစ်ခြား လူကွဲသွားကြပါတယ်။ ကိုစိုးမိုးနဲ့တော့ မုခ်ဦးမှာ ပြန်တွေ့ပါတယ်။ ၀ါဝါနဲ့ကဗျာကိုစောင့်နေရင်း ပေါ်မလာနိုင်တာနဲ့ ဆက်ထွက်လာကြတော့ ဖိနပ်စချွတ်တဲ့နေရာမှာ မကဗျာကိုတွေ့ပါတယ်။ ဖြစ်ပုံကဒီလိုပါ။ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်ကို အမျိုးသမီးများက လုံခြည်ဖြင့်သာ တက်ရပါတယ်။ သူ့ခမျာ ဒီနေရာထိရောက်နေပြီးမှ လုံချည်က အထမ်းနဲ့တင်လိုက်တဲ့အထုပ်ထဲမှာ ပါသွားလို့ပါတဲ့ ထုတ်ထားပါလို့ပြောတုန်းကလည်း မေ့ပြီး မထုတ်လိုက်ရလို့ပါတဲ့။ ဒါကြောင့် ၀ါဝါ့ကို တည်းခိုမယ့်နေရာလွှတ်ပြီး လုံချည်ယူခိုင်းထားတာပါတဲ့ ။ ကျနော်တို့လည်း မီးခိုင်ဆီက လုံချည်တစ်ထည်ငှားလဲခိုင်းပြီး ခေါ်လာခဲ့ရပါတယ်။ ဒီလိုပဲ ကျိုက်ထီးရိုးတောင်ပေါ်ကို အဆင်ပြေပြေနဲ့ ရောက်လာခဲ့ကြပါပြီခင်ဗျာ။

ဂိုက်အပြည့်နဲ့ပို့စ်တွေပေးနေကြတာလေ

ကျနော်တို့တည်းခိုမယ့်နေရာက မို့မို့စန်း စားသောက်ဆိုင်မှာပါ။ ကိုလူလိန် ၊ မထက်ထက်လတ် ၊ မခင်သူဇာစိုး ၊ ဇူလိုင်ဆူး နဲ့ မခင်နှင်းကြည်တို့ကတော့ ရောက်နှင့်နေကြပါပြီ။ အခန်းနှစ်ခန်းငှားထားပါတယ် ။ ယောင်္ကျားလေး တစ်ခန်း ၊ မိန်းကလေးတစ်ခန်းဖြစ်ပါတယ်။ ရဲပိုင်ဖြိုး၊ ကိုသက်လွင်၊ကိုဟိန်းထက် ၊ မမီးမီးတို့ကတော့ ရိုးရိုးလေးတည်းခိုဆောင်မှာ တည်းကြပါတယ်။ ရောက်ရောက်ချင်း အရင်လုပ်တာကတော့ တဂွီဂွီမြည်နေတဲ့ဗိုက်ကို အသံတိတ်ဆေးကျွေးတာပါပဲ။ နေ့လည်စာစား ရေမိုးချိုးပြီးတော့ အိပ်စက်အနားယူကြပါတယ်။ အိပ်ယာကနိုးတော့ ကိုလူလိန်ခမျာမှာ အိပ်နေစဉ်က ဘယ်သူ့လက်ချက်မိသွားတယ်မသိဘူး ကျနော်တို့ကို မျက်ကွယ်ပြုသွားပါတယ် ။ (မျက်လုံးတစ်ဖက်ယောင်သွားတာကို ပြောတာနော် တလွဲမတွေးနဲ့) ။ ညနေပိုင်းလောက်မှ ပြန်ကောင်းသွားရှာပါတယ်။ ညနေစောင်းမှာတော့ ကျီးပါးစပ်လှိုဏ်ဂူကို သွားကြပါတယ်။ တောင်တက်စဉ်က ဇောနဲ့မို့မသိသာပေမယ့် အနားယူပြီးလို့ သွေးအေးသွားချိန်မှာတော့ ခြေတွေလက်တွေက မသယ်ချင်လောက်အောင် ကိုက်ခဲလာပါတယ်။ ပိုဆိုးတာက လက်ဆွဲအိတ်ကိုအတက်တစ်လမ်းလုံးလွယ်လာတဲ့ ကျနော်ပါပဲ။ ခြေထောက်တွေတင်မကဘူး အိတ်က ပခုံးကာမပါတဲ့အပြင် သံကွင်းက ပခုံးတည့်တည့်ရောက်နေ လေတော့ အထိမခံနိုင်လောက်အောင် ခံစားရပါတော့တယ်။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက်စုံအောင်သွားမ ဟဲ့ဆိုပြီး ထလိုက်ခဲ့တာပါပဲ။ကျီးကန်းပါးစပ်ကို သွားတဲ့လမ်းကတော့ သက်သက်သာသာရှိပါတယ်။ လမ်းတစ်လျှောက်မှာလဲ စားသောက်ဆိုင်တန်းတွေ ဆေးမြစ်ဆိုင်တန်းတွေ လက်ဆောင်ပစ္စည်းဆိုင်တန်းတွေကို တောက်လျှောက်တွေ့ခဲ့ရပါတယ်။ ကျီးကန်းပါးစပ်ကိုရောက်တော့ ခဏနား နေ၀င်ချိန်ရှုခင်းကိုကြည့် ဓာတ်ပုံတွေရိုက်ကြပြီးတော့ ပြန်လာခဲ့ကြပါတယ်။

ကျီးကန်းပါးစပ်မှာ အမှတ်တရ

ညပိုင်းမှာတော့ ဘုရားရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဖူး၊ ရွှေသင်္ကန်းကပ်၊ ရင်ပြင်တော်ပေါ်လှည့်ပတ်လေ့လာ ရင်း ဓာတ်ပုံတွေရိုက်ကြပါတယ်။

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်မှာ အမှတ်တရ

ည 8 နာရီလောက်မှာတော့ ရဲပိုင်ဖြိုးတို့တည်းခိုနေတဲ့ ရိုးရိုးလေးတည်းခိုဆောင်ကို ရောက်လာခဲ့ကြပြီး New Year ပွဲအတွက် စီစဉ်ကြပါတယ်။ စားစရာတွေကတော့ ခေါက်ဆွဲကြော်၊ ကြာဇံကြော် ၊ ထမင်းကြော် ၊ ကော်ဖီတွေနဲ့ တည်ခင်းပါတယ်။ စားသောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပြီးတဲ့အခါမှာ game ကစားခဲ့ကြပါ တယ်။ ဒီခရီးစဉ်ရဲ့ King ဘွဲ့ကို ကိုလူလိန်က ရရှိပြီး Queen ဘွဲ့ကိုတော့ စုလဲ့ကဆွတ်ခူးသွားပါတယ်။ King နဲ Queen တို့က နေလည်း သီချင်းတစ်ပုဒ်နဲ့ဖျော်ဖြေခဲ့ကြပါသေးတယ်။

ကျိုက်ထီးရိုးခရီးစဉ်ရဲ့ King နဲ့ Queen

အဲဒီနောက်မှာ မကဗျာ စုလဲ့နဲ့ မီးခိုင်တို့က သင်္ကြန်ယိမ်းနဲ့တစ်ခါ အေရိုးဗစ်အကနဲ့တစ်လှည့် ၊ ကျနော် ကိုလူလိန်နဲ့ မထက်ထက်လတ်တို့က မိန်းမခိုးလာတဲ့သားနဲ့ ဖခင်ပြဇာတ် ၊ ကိုဝါ၀ါ မခင်သူဇာစိုးနဲ့ ဇူလိုင်ဆူးတို့က အလှပြင်မယ့် ညီအမနဲ့ မိတ်ကပ်ဆရာ မာမီဝါ ပြဇာတ်တွေနဲ့ အသီးသီဖျော်ဖြေခဲ့ကြပါတယ် ။ ဒီခရီးမှာ အသက်အကြီးဆုံးဖြစ်တဲ့ မခင်နှင်းကြည်လည်းမနေရပါဘူး။ ကစားတဲ့အထဲမှာ မပါပေမယ့် ကစားနည်းအရ ကိုဝါ၀ါနဲ့ ကိုစိုးမိုးတို့ရဲ့ ရည်းစားစကားဝိုင်းပြောခြင်းကို ခံလိုက်ရပါသေးတယ် ။

Game ကစားကြစဉ်

ပျော်ပျော်ပါးပါးကစားပြီးတော့မှ တည်းခိုဆောင်ကိုပြန်လာခဲ့ကြပါတယ်။ ပြန်ရောက်တော့လည်း မအိပ်ကြပါဘူး။ အခန်းတစ်ခန်းမှာစုဖွဲ့ပြီး စကားပြောနေကြပါသေးတယ်။ ထူးခြားချက်ကတော့ ကိုစိုးမိုးကနေ ခရီးမှာပါလာတဲ့ မိန်းကလေးအားလုံးကို 2010 မှာ ပထမဆုံး “ချစ်တယ်” လို့ပြောတဲ့သူအဖြစ် မှတ်တမ်းဝင်သွားခြင်းပဲဖြစ်ပါတယ်။

(ကိုစိုးမိုး ပိုင်သကွာ)

မင်းသမီးများသီးသန့် အမှတ်တရ

ဆက်ပါဦးမည်………..။

ရင်ဘတ်ထဲက ငါး

ရင်ဘတ်ထဲက ငါး

ကျနော့်မှာ . . . .
ဖမ်းလို့မိထားတဲ့ ငါးကလေးတစ်ကောင်ရှိတယ်
သူကလည်း ကျနော့်လက်ကို ကိုက်ပါတယ်
ဒါပေမယ့် ကျနော်ပြန်မလွှတ်ခဲ့ပါဘူး
ပင်လယ်ဖြူဖြူကြီးထဲမှာ
တစ်သက်စာအလှမွေးပစ်လိုက်တယ်

ဇန်န၀ါရီရောင်ကော်ဖီကြမ်းတစ်ခွက်နှင့်ရနံ့ကင်းနေ့စွဲများ

ဇန်န၀ါရီရောင်ကော်ဖီကြမ်းတစ်ခွက်နှင့်ရနံ့ကင်းနေ့စွဲများ


မနက်သာမိုးလင်းသွားတယ်
ဇန်န၀ါရီကချိုမလာသေးဘူး
နှင်းမည်းမည်းတွေကျတဲ့ဆောင်းက
မကောင်းဆိုးရွားထက်တော့လှတယ်
ညတစ်ခုရှေ့မှာလက်ပိုက်ရပ်
ဝိဥာဉ်သတ်ခံလိုက်ရတဲ့မီးအိမ်
နောက်နေ့ဆိုအရောင်မှိန်ပြီ………..

Monday, January 4, 2010

WHAT DO I NEED?

WHAT DO I NEED?

In a deadly night,
The city is hardly strike.
Under a wrongly fight,
Steps are strongly glide.
Towards the mountain high,
Winds are roughly bite,
Streams are long and wide.

More than I miss you,
How do I miss you?
If you want to,
It’s I want to.
All I need is what you want to.

When you are smile is
When I die ,
If so, I’ll go.

I have a book.
I have a pen.
I have a cigarette.
I have a lighter.
More than that,
What do I need?

စိတ်ကူးရှိသောကြောင့် ရေးမိပါသည်။ အမှားအယွင်းရှိလျှင် နားလည်ခွင့်လွှတ်ပေးကြပါ ။

ဤသိုဖြင့် သင်/ကျွန်ုပ် ဖြစ်သည်

ဤသိုဖြင့် သင်/ကျွန်ုပ် ဖြစ်သည်

သင်သည် သင်နှင့် သဘောထားချင်း မတိုက်ဆိုင်သည့်အခါ
ကျွန်ုပ်သည် သင်နှင့် သဘောထားချင်းမတိုက်ဆိုင်ပါဟုဆိုရန်
သင်သည်သင်သာဖြစ်ပြီး ကျွန်ုပ်သည် ကျွန်ုပ်ဖြစ်သည်။
သင့်အတွက် မဖြစ်ခဲ့ခြင်းသာသင်သိသောအခါ
ကျွန်ုပ်မဖြစ်ခဲ့ဟုဆိုရန်
သင်သည်သင်သာဖြစ်သောကြောင့်
ကျွန်ုပ်သည် ကျွန်ုပ်သာဖြစ်သည်။
သင်နှင့် သင် စကားများကြသောအခါ
ကျွန်ုပ်သည်ဓားစာခံဖြစ်ရန်
သင်သည်သင်သာဖြစ်ပြီး
ကျွန်ုပ်သည် ကျွန်ုပ်သာဖြစ်သည်။
သင်သည် သင်နှင့်မပြေလည်သောအခါ
ကျွန်ုပ်နှင့်မသင့်မြတ်ရန်
သင်သည်သင်ပဲဖြစ်သလို
ကျွန်ုပ်သည်လည်း ကျွန်ုပ်သာဖြစ်သည်။
သင့်ဦးခေါင်းမှအရာအား
ကျွန်ုပ်ဦးခေါင်းထက်တွင်ထားရန်
သင်သည်သင်ဖြစ်သောကြောင့်
ကျွန်ုပ်သည် ကျွန်ုပ်ဖြစ်သည်။
ကျွန်ုပ်အား ကျွန်ုပ်ဟုသတ်မှတ်ရန်
သင့်အား သင်ဟုသတ်မှတ်ခြင်းများလိုအပ်နေသည်ဟုဆိုလျင်
သင်သည်သင်ဖြစ်သလို
ကျွန်ုပ်သည် ကျွန်ုပ်ဖြစ်သည်။
သင်သည် ကျွန်ုပ်မဟုတ်သလို
ကျွန်ုပ်သည် သင်မဟုတ်သောကြောင့်
သင်သည် သင်သာဖြစ်လျက်
ကျွန်ုပ်သည် ကျွန်ုပ်သာဖြစ်သည် ။

--
လက်ထဲဖွက်ထားတဲ့နှင်းနဲ့ အပြင်က ဒီဇင်ဘာ



ရောက်ခဲ့ပြီတဲ့လား
ပြက္ဒိန်တစ်အုပ်ရဲ့ ခြေလှမ်းတွေကို
အပြီးသတ်ခုတ်လှဲမယ့်နေရာ
အဆောင်းမပါတဲ့ဆောင်းဒီဇင်ဘာ
ငါ့ကို ထီကိုင်းသက်သက်နဲ့မိုးထားတဲ့ ဒီဇင်ဘာ
နင် ရောက်လာပြီတဲ့လား ။


ဘယ်လိုသင်္ကေတမျိုးနဲ့ လဲ
ဥပမာတစ်ခုခုနဲ့ တောင်မပစ်မှားအပ်တဲ့ 
ကွက်ကြိုကွက်ကျား...နှင်းမိုးတွေ
ငါ့ အား..ကလူမြှူဆွယ်...
ဒါဟာ... ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဒီဇင်ဘာဟာ..ငါပြန်ဖြစ်သွား....
ဒီဇင်ဘာနဲ့ ငါ...
ငါနဲ့ ဒီဇင်ဘာ...
အဲ့ ဒါနဲ့ ပဲနှင်းမိုးတွေရွာပြန်ရော...


ဒါဝင်ခေတ်မှာ မွေးခဲ့ရုံနဲ့ 
မီးငြိမ်းတောင်ကြီးကိုကို မျက်နှာလွှဲခဲပစ်လုပ်ရတော့မယ်ပေါ့
တစ်ဦးတည်းသမားရဲ့ ဆောင်းဟာ
လူမှုရေးနားမလည်တဲ့ ဆက်သွယ်ချက်များနဲ့ 
တစ်နှစ်ပတ်လုံး အေးခဲတယ် မိန်းကလေးရယ် ...
ငါ့လက်ဖျားခြေဖျားတိုင်းမှာ
မင်းခပ်နှိပ်ထားတဲ့ ကြတ်ခြေခတ်နီနီတွေ
သုံးရာသီလုံး
နှင်းကျနေလေရဲ့ ။
မိန်းကလေးရယ် . . .


ငါ့ရဲ့ဒီဇင်ဘာရေခဲ့မြစ်ကလေးရေ
နှင်းအဖြစ်နဲ့ပျော်ပါ
နှင်းအဖြစ်က မပျော်နဲ့ကွယ်


ပြောတော့ ဆောင်းရာသီတဲ့
ကြည့်စမ်းပါဦး
နွေတွေရှုံးလောက်အောင် ပူပြနေလိုက်တာ ...
ငယ်အိပ်မက်တွေ အသက်ကြီးကုန်ပြီကွယ်
နောက်နောင် ဒီဇင်ဘာနဲ့  ရန်မဖြစ်ဖို့ 
ငါ့ကိုငါပဲ ဆုံးမတော့မယ်။


နှင်းရဲ့ ဝိဥာဉ်တွေသင်းပျံ ဆွတ်ပေ
ငါ့ ရဲ့ ဖော်ချွတ်အနာဂါတ်တွေ...အသက်ရှုနေပြီ...
ငါ မနှစ်ကအနွေးထည်လေးနဲ့ ပဲ..ဒီလိုလေးနဲ့ ပဲလေ..
နှင်းရယ်...
နှင်းအဟောင်းတွေပဲ..ထပ်ကျပါလား...
ငါ့ အိမ်မက်ရနံ့ အဟောင်းတွေထဲ...
ငါ့ ကိုယ်ငါ တစ်ခါလောက်ပြန်ရှာကြည့် စမ်းပါရစေ


တစ်အိပ်မက်လုံး နှင်းရည်တွေလူးပေလို့
တစ်ညလုံးစိုစွတ်ခြောက်သွေ့သွားလိုက်တာများ
ဘာနဲ့မှ ပြန်မကြားရလောက်အောင်ပဲ
ဒီဇင်ဘာရေ. . . မြူခိုးတွေလား နှင်းတွေလားဆိုတာ
ကွဲကွဲပြားပြား ဘာသာပြန်ပေးဖို့တော့လိုမယ်။


အသံကြားရာတရားလိုက်နာရင်းနဲ့ ပဲ
အဲ့ ဒီည ရဲ့ ချောင်ကြိုချောင်ကြားလေးထဲကနေ
အကောင်းစား... ရင်ဘတ်ကြီးနဲ့ ....
နှုတ်ဆက်လက်ပြ....ခွဲ............ခွာ..........
ဘာ.... ဆို.....ဘာ.....မှ....
နှင်းဟာ... “သူမ”နဲ့ ”ကျွန်တော် ”ကြားထဲ
ကလာကာအနက်ကြီးချပစ်လိုက်တယ်။


မလိုဘူးကွယ်
ဘာဆိုဘာမှကို မလိုတော့ဘူး
နှစ်ဦးသားကြားက သက်တန့်  ကြီးကို
ငရဲကြီးရှစ်ထပ် ချပစ်လိုက်တော့မယ်
မလိုတော့ဘူးကွယ်
ထောင်မြင်လို့  ရာစွန့် ခံရတာ
တစ်လောကလုံး
ပြာကျသွားခဲ့တယ်။


နှင်းမြင်လို့နွေစွန့်တာမဟုတ်ဘူးနှင်းရယ်
နှင်းဆီရောက်ဖို့ နွေကစောင့်နေခဲ့တာ
ဟောဟိုမှာ . . . မီးတောက်တွေတောင်
တစ်ဝက်တစ်ခြမ်း အေးခဲလို့

အဆုံးသတ်ကြပြီတဲ့ လား....
မမှာ မကြားပဲနဲ့ ... ဗလာတွေကြီးပဲထားခဲ
့တယ်...
ငါဟာ...ဖြူရော်စိုစွတ်စွာ...
တမ်းတသီကျူး...နက်ဖြန်တွေကို ခူးခွင့် မရှိတော့ ဘူး
အဲ့ ဒီလိုနဲ့ ပဲ... မြတ်နိုးခြင်းမိုးတိမ်တွေရဲ့ အဆုံး....
ငါ့ ကိုငါပဲ...သံသရာနဲ့ ချည်ထုံးပစ်လိုက်တော့ မယ်..



ရိုးရာ , နေ့ သစ် , ရင်ခွင်ရှိန်း

ကိုဇာတိမှ ခေါင်းစဉ်လှူဒါန်းပါသည်
ငါ့မျက်လုံးကိုစေ့စေ့ကြည့်ပါ



မယ်ရီခရစ္စမတ်ပါ မိသုနြေ္ဒ

ငါ့မျက်ဝန်းစွတ်စိုစိုတွေကို

နင်မျက်လုံးစိမ်းမြမြတွေနဲ့ စေ့စေ့ကြည့်စမ်းပါ ။

အဲဒီမှာ ခရမ်းရောင် မိုးတိမ်တွေရှိတယ်

မရွာသေးတဲ့ မိုးတွေရှိတယ်

နင်မရှိပဲ ငါမြင်နေရတဲ့ နင့်ရဲ့ ပုံတူအရိပ်တွေရှိတယ် ။

နင့်မျက်လုံးစိမ်းမြမြတွေနဲ့

ငါ့မျက်ဝန်းစွတ်စိုစိုတွေကို စေ့စေ့ကြည့်ကြည့်စမ်းပါ ။

မယ်ရီခရစ္စမတ်ပါ မိသုနြေ္ဒ ။


ငါနဲ့ တစ်ခါလောက် လမ်းလျှောက်မထွက်ချင်ဘူးလား မိသုနြေ

မီးပွိုင့်တွေဘာလို့စိမ်းတယ်ဆိုတာ

ငါနင့်ကို ပြောပြချင်လို့ . . .

မနန်း၏ မေတ္တာရပ်ခံမှုကြောင့် ရေးသားထားခြင်းဖြစ်ပါသည်

*ကျွန်တော်နှင့်တစ်ရာ့လေးဆယ်လေးမိနစ်*

*ကျွန်တော်နှင့်တစ်ရာ့လေးဆယ်လေးမိနစ်*



တစ်ယောက်တည်း ဆိုတာ
ကျနော်တစ်ယောက် ကြိုးပြတ်လဲပြိုဖို့

တဲတဲလေးပဲ လိုတော့တယ်လို့လည်း

ပြောလို့ရနိုင်တယ်မသက်ဝေ။

အဲဒီလိုပဲ . . . .

ကျနော်တစ်ယောက် ကွဲပွင့်ပေါက်ကျဲဖို့


ချုပ်တည်းနေရတယ်လို့လည်း

အဓိပ္ပာယ် ရလိမ့်မယ် ။

ကျနော် သတ္ထုနတ်ဘုရားတွေကို မုန်းတယ်

သူတို့ဆီမှာ နှလုံးသားတစ်ခုကို ယဇ်ပူဇော်ရန်

တစ်ရာ့လေးဆယ့်လေးမိနစ် အလိုမှာ . . .

သူတို့ဟာ မီးတောက်နေတဲ့အတောင်ပံတွေ တဖြန်းဖြန်းခတ်

ငတ်မွတ်ဆာလောင်စွာ ၀မ်းဗိုက်ကိုဖွင့်လို့ စောင့်နေကြပြီ။

ကျနော် အိပ်မက်တွေမက်တယ် မသက်ဝေ

အိပ်မက်ထဲမှာ အိပ်မက်ကိုပြန်မက်နေတယ်


ကျနော်လေ လမ်းအကြီးကြီးကို ဖိနပ်အကြီးကြီးနဲ့ လျှောက်နေရသလိုပဲ


အဲဒီနေ့မှာ နှင်းတွေကျနေမလားမသက်ဝေ

အဲဒီနေ့မှာ မြူတွေပဲ ကျနေမလား

ဘာပဲဆိုဆို မှုန်ဝါးနေမှာပဲနော်

ကျနော် မမြင်ရခင်က ကြိုပြီးကြည့်နေလိုက်တာ

တဖြည်းဖြည်းနဲ့ ပိုပိုဝေးလာသလိုပါပဲ။

မောတယ် မသက်ဝေရယ်

အသက်ရှူရတာလည်း မောတယ်


မသက်ဝေရဲ့နာမည်လေးကို ရွတ်ရတာလည်း မောတယ်

ဆုတွေ တောင်းရတာလည်း မောတယ်

အဲဒီလို မောမောပန်းပန်းနဲ့ မသက်ဝေကို ကျနော်လွမ်းတယ်

ရိုးရိုးရှင်းရှင်းပါပဲ မသက်ဝေ. . . .

မသက်ဝေကို ကျနော်လွမ်းတယ် ။


ကဲ အချိန်စေ့ပြီမသက်ဝေ

ဗုံသံတွေ လည်းကွဲလွင့်ပြန့်ပြိုလို့

ကျနော်တို့ ဝေး ကြ စို့ နော် ။

ကိုအမည်မဲ့၏ခေါင်းစဉ်အား ခွင့်တောင်းရေးသားပါသည်

ရောက်တတ်ရာရာ ( အမည်မဲ့နှင့်ရိုးရာ့)

ရိုးရာ:အမည်တစ်လုံးတောင် မရှိတဲ့ နောင်တော်ခင်ဗျား မင်္ဂလာပါလို့ပဲ ပြောပါရစေ





အမည်မဲ့: မင်္ဂလာရှိတဲ့စကားကို မင်္ဂလာတရားတော်နဲ့အညီပြောကြားခြင်းဟာမင်္ဂလာပါဗျာ





ရိုးရာ: ကျနော်တို့ ကျည်ဖူးတည့်ရာက ကဗျာဆိုတော့ ကဲ မောင်းစဆွဲလိုက်ကြစို့လားဗျာ



အမည်မဲ့: ပစ်မှတ်ကအသေလားအရှင်လား ခင်ဗျားသေနတ်ရဲ့တစ်နာရီသွားနှုန်းကို
နှစ်ထပ်ကိန်းတင်ကြည့်ပါ ဖြစ်နိုင်ရင် ပါးစပ်သေနတ် ပစ်တာကောင်းမလားပဲ














ရိုးရာ: ကျနော်တို့ပစ်မှတ်က ရှင်နေတဲ့ သက်မဲ့ပေါ့ဗျာ
ပါးစပ်နဲ့ပစ်မှာဟုတ်ဖူးထင်တယ်နော် ကျနော်တို့ လက်တွေနဲ့ပဲ ပစ်ရမှာလေ
ကီးဘုတ်တွေကနေပေါ့










အမည်မဲ့: ကောင်းပါပြီ..ဒါဆိုရင် ခင်ဗျားရှုတဲ့လေထဲမှာအောက်ဆီဂျင်များများပါ
ပါစေ မမြင်ရတဲ့အခြားတစ်ဖက်ကို
တွေးခေါ်ဖို့ခင်ဗျားအဆုတ်ထဲကကာဗွန်ဒိုင်အောက်ဆိုဒ်တွေက
သန့်စင်ကြည့်လိုက်ပါဒါတွေနဲ့မှမလုံလောက်ရင်

ဆက်ပြောနေချင်သေးတဲ့ ကျွနုပ်လျှာကို လာဖြတ်ပစ်လိုက်ပေါ့






ရိုးရာ: ဟားဟား ကြိုက်တယ်ဗျာ ကဗျာဆရာဆိုတာ
လက်နှစ်ဖက်လုံးမရှိတော့ရင်တောင်မှ ကဗျာရေးတော့မပျက်ဘူးလို့ ဖတ်မိလိုက်တယ်
ကဲဗျာ ၀ိဥာဉ်တွေရှိနေသမျှတော့ ကျနော်တို့ဝဲပျံနေလို့ရနိုင်သေးတယ်လို့
ပြောလို့ရတာပေါ့နော








အမည်မဲ့: ကဗျာ၊ ကဗျာ၊ ကဗျာ၊ ကဗျာ....အခြေအနေသာပေးရင်
တွေးသမျှတိုင်းခေါင်းထဲကထွက်ရင် အသည်းကွဲတိုင်းကဗျာဆရာဖြစ်ရင်
ကဗျာတွေရေးရင်းကဗျာတွေနဲ့ဝေးခဲ့ရ မေမေရေတကယ်တော့ သားက ငတုံးတစ်ကောင်ပါဗျာ






ရိုးရာ: ဟုတ်ကဲ့ တစ်ခါတစ်လေတော့ ရွက်စုံဖွင့်ထားပေမယ့် လေမလာလို့ မလွင့်ခဲ့ရတာလေးတွေအတွက်လည်း တက်တွေကိုပြင်ထားရသေးတယ်





အမည်မဲ့: ခန္ဓာကိုယ်ထဲက မက်လက်စအိပ်မက်တွေကို ပြန်ပြောင်းမက်နေရတာနဲ့တင်
လက်ခလယ်တွေလည်းအသားမာတက်ကုန်ပါပြီစစ်မရှိတဲ့ကမ္ဘာမှာ လူဖြစ်ရကျိုးနပ်ပါစေ ။





ရိုးရာ: ဆုတွေလည်းတောင်းပါတယ် ပန်းတစ်ပွင့်ပွင့်တိုင်းမှာ
ကောင်းချီးသံတွေပဲတော့ ဘယ်ရနိုင်မလဲဗျာ ဟုတ်တယ်နော်အကို
မစင်နဲ့လည်းအပေါက်ခံရဲရတာပဲ ဒါကိုလည်း လက်ခုပ်သံလို့ပဲ ယူဆရမယ်မဟုတ်လားဗျာ







အမည်မဲ့: ကဗျာမဟုတ်တာကို
ကဗျာလုပ်ဖို့ကဗျာဟုတ်တာကိုကဗျာမလုပ်ဖို့ကဗျာဆရာဆိုတာအမေမွေးကတည်းက
ဖြစ်ခဲ့တာမဟုတ်ဘူး ပန်းနဲ့ပေါက်တိုင်းလည်း နာကျင်ရတာတွေ အများကြီးပါ
ကဗျာကိုညာတာနဲ့ကမ္ဘာကိုညာတာ ဘယ်ဟာအပြစ်ပိုကြီးသလဲဗျို့ ။








ရိုးရာ: ဟုတ်တယ်ဗျာ တစ်ချို့က စီးသာစီးနေကြတာ မြစ်လား လှေလားမကွဲကြဖူး
သိပ်မြင့်လွန်းတော့လည်း အသက်ရှူကျပ်ကြတာပေါ့ဗျာ
ဟိုတိုးဒီတိုးနဲ့လည်းတစ်နေရာစာ ရှာကြတယ်လေ တကယ်တော့ နေရာဆိုတာ
ထိုက်တဲ့အချိန်မှာ ရလာမှာပဲမဟုတ်လား အကို ကဲ အကိုရေ
စာရိုက်လို့လည်းကောင်းတယ်ဗျာ အဟဲ ကျနော်လည်း လေလေးသာတုန်း လွင့်စရာလေးတွေ
လွင့်လိုက်ဦးမယ် နောက်တစ်ခေါက်တော့ ထပ်ဆုံကြသေးတာပေါ့ဗျာ




အမည်မဲ့နှင့်ရိုးရာ ပူးပေါင်း လေကန်သည်