Sunday, January 31, 2010

ရင်ဘတ်နှစ်ခုဖြင့် တီးသော စည်သံမျာ

ရင်ဘတ်နှစ်ခုဖြင့် တီးသော စည်သံများ


ရင်ဘတ်နံပါတ် (၁)



ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာပြန်ကြည့်တော့ ‘သူမ’ ကိုမြင်သည်။ ‘သူမ’ က ဆံပင်ရှည်ရှည်တွေကို လေထဲပင့်သက်တင်နေပုံ ဘယ်ဘက်နဲ့ညာဘက်ပါးတစ်ဖက်တစ်ချက်စီမှာ ဝင့်ဝင့်ကြွားကြွား နေရာယူထားသော သနပ်ခါးပါးကွက်ကြား ၊ ချည်ချောထမီဖြင့် ရာစုသစ်ထဲ ရိုးယဉ်နေပုံက မှော်ဆရာလက်နှင့်ထိလိုက်သော စကားဝါပွင့်လေးဖြစ်နေပြန်သည်။ သူမကပြုံးပြသည်။ သူပြန်ပြုံးပြလိုက်မိသလား။ သူမတ်တပ်ရပ်လိုက်တော့ တောင့်တောင့်ကြီးပဲဖြစ်နေသည်။ ဒါပေမယ့် သူကွေးညွှတ်နေပြန်သည်။ သူမ၏လက်ထဲမှ ဘီးကလေး၏ အသွား(အချောင်း) လေးများဖြင့် သူ့ကိုယ်သူသပ်ချလိုက်သည်။ သူမက သူ့ကိုကြည့်မနေပါ။ ဒါပေမယ့် သူမ သူ့ကိုမြင်နေရသည်မှာ သေချာသည်။ သူမပါးစပ်မှ ရယ်သံလေးကို သူလေထဲမှာ အပြေးအလွှားလိုက်ဖမ်းရင်း ဘယ်ဘက်ရင်အုံထဲ အတင်းဖိကပ်ထိုးသိပ်လိုက်သည်။ သူ့သွေးကြောမျှင်တွေထဲမှာ သူမ၏ရယ်သံ တစ်စိတ်တစ်ပိုင်းလောက်တော့ စီးဆင်းနေလိမ့်မည်။ ‘ဒေါက်’ ခနဲ ပစ်မှတ်ကို အထိမှာ သူတုန်ခါသွားသည်။ အလယ်ဗဟိုတည့်တည့်မှာ ဓားသွားက စိုက်ဝင်နေသည်။ သူမက သူ့အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ ပစ်မှတ်ဆီမှ သူဆုတ်ခွာလိုက်တော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသည်။ အလှမွေးငါးကန်ထဲမှ ငါးကလေးများ ပျံသန်းသွားကြသည်။ ပြတင်းပေါက်ဘောင်မှာ တေးဆိုနေသော ငှက်ကလေး လေထဲကူးခတ်. . . ။ သူမက ရယ်မနေ ၊ ပြုံးမနေတော့ပြန်ပါ။ သူမက စန္ဒရားခုံပေါ် လက်ထောက်၍ ပါးစပ်မှ တေးသွားတစ်ပုဒ်ကို ခပ်တိုးတိုးညည်းနေသည်။ ခေါင်းလောင်းသံတွေ သူ့နားထဲမှာကြားရသည်။ သူမက သူ့အားမျက်စောင်းထိုးသည်။ ဟိုးအဝေးဆီမှ လွင့်လာသော စန္ဒရားသံကို ကြားလိုက်ရသည်။ နေရောင်ခြည်တွေကို ဧည့်မခံသော အခန်းထောင့်တစ်နေရာလေးမှာ ပန်းအိုးလေးရှိသည်။ ပန်းတော့မရှိ။ ဧဒင်ဥယျာဉ်ထဲမှ ဝတ်မှုန်တွေ လူးလာပျံသန်းရင်း ပန်းအိုးလေးထဲအတင်းတိုးဝင်ကြသည်။ လက်ထဲကဓားကိုလွှတ်ချလိုက်တဲ့ ပန်းချီကားထဲမှ သူရဲကောင်းကို သူငေးစိုက်ကြည့်မိသည်။ သူမကို သူမတွေ့ရပြန်တော့ပါ။ သူမက ပုဝါတစ်ခုနဲ့ အိပ်မက်အဟောင်းတွေကို ဒိုင်ယာရီထဲမှ သွားပြန်ထုတ်နေသည် ဟု ပြောသည်။ သူ့အားပုဝါထဲမှ စိတ်ပန်းနီရဲရဲတောက်တစ်ပွင့်ပေးသည်။ နွေရာသီဖြစ်နေသည်။ သူမက သူ့အား ပုဝါတစ်ခုလုံးနှင့် ထပ်မံဖုံးလွှမ်းလိုက်လေသည်။ ထို့ကြောင့် သူမအား ချစ်သည်။ စကြဝဠာပြင်ပမှာ သူတဲလေးထိုးနေလိုက်သည်။




(ရင်ခွင်ရှိန်း)





ရင်ဘတ်နံပါတ်(၂)



သူမကိုချစ်သည်ဟု စတင်သိခဲ့ရသောနေ့က ကျနော်သူမကို ပိုချစ်သွားခဲ့သည်။ သူမသည် အနီရောင်ဝတ်ရုံစများဖြင့် လူးကြွတောက်လင်းနေသော စစ်နတ်ဘုရားမ အေသီးနားပမာ မီးလျံကြားမှာ ယိမ်းလွန့်ကခုန်နေခဲ့သည်။ ဧဒင်ဥယျာဉ် မည်သည့်အရပ်တွင်ရှိကြောင်း ကျနော်သိရပါပြီ။ သူမ၏ ပျားရည်ရောင်စကားလုံးများတွင် လူမိုက်တစ်ယောက်၏ရာဇဝင်များ ပျောက်ဆုံးခဲ့ရသည်။ ဓား၊လှံတို့လည်း ချိုးဖဲ့စွန့်ပယ်ခဲ့ပါသည်။ သက်တံ့တစ်ခြမ်းလုံး ပန်းနုရောင်များ ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် ကျနော်သူမကိုချစ်သည်။ ပန်းသီးတစ်လုံး၏ အတ္ထုပ္ပတိတွင် မည်သည့်သယံဇာတများမှ မပါဝင်ကြောင်းကို သူမသိအောင် ရှင်းပြပါမည်။ သူမ၏ ပါးလျလျ အရေပြားများတွင် ကျနော်ချစ်သော စိမ်းနုရောင်သွေးကြောမျှင် များရှိသည်။ 21 ရာစု၏ အရိုးသားဆုံးမျက်ဝန်းပိုင်ရှင်အဖြစ် သူမကို ကျနော်ရွေးချယ်ပါသည်။ သူမထံတွင် ကျနော်မသိသော အဖြူရောင်သင်္ကေတများရှိသည်။ ထို့ကြောင်း စစ်မြေပြင်ကို ကျနော်စွန့်ခဲ့သည်။ မြားတံများကို သီကုံး လေးကိုင်းကို အရိုးအဖြစ်သုံးပြီး ကျနော့်အရေပြားကို အရွက်လုပ်မိုးကာ သူမကို ထီးအဖြစ်ကာပေးပါမည်။ သူမထံတွင် 12 လရာသီ ဆောင်းဥတုလေးကို ကျနော်ရှာဖွေတွေ့ရှိခဲ့သည်။ ငရဲပြည်တွင် ဆီပူအိုးမှတစ်ခါပေါ်လျှင် တစ်ခွန်းသာအော်ခွင့်ရသော စကားတစ်ခွန်းအဖြစ် သူမ၏အမည်ကို ကျနော်ရွတ်ဆိုပါမည်။ သူမ၏ နှင်းဆီရောင်ပါးပြင်အတွက် ဥယျာဉ်မှူးတာဝန်ကို စေတနာသက်သက်ဖြင့် ကျနော်ယူပါမည်။ သူမပြုံးရယ်ပြလျှင် နှင်းဆီတို့ ကုဋေကုဋာမက ပွင့်နေကြမည်။ ထို့ကြောင့် ကျနော်တွေ့ရှိခဲ့သောဧဒင်က ပိုလှနေပါလိမ့်မည်။ သနပ်ခါးရောင် ခြုံလွှာပါးတို့ဖြင့် ကျနော့်ကမ္ဘာတစ်ခြမ်းကို သူမသိမ်းသည်။ သူမ၏မျက်လွှာကလေးဖြတ်ခနဲ့အဝင့်တွင် ကျန်နေသောကမ္ဘာတစ်ခြမ်းကိုပါ ကျနော်လက်နက်ချ လိုက်ရသည်။ သူမသည် ကျနော်ပိုင်သော အရာအားလုံးဖြစ်သည်။ ကျနော့်ကိုယ်ကို ကျနော်ချစ်သည်ထက် ကျနော်သူမကိုပိုချစ်သည်။ သူမလက်ညှိုးညွှန်သမျှ ပန်းအတိပြီးစေရပါမည်။ နေရောင်ခြည်သည် သူမအတွက်သာ နွေးထွေးစေခြင်းဖြစ်သည်ဟု ကျနော်စိတ်ချလက်ချ ယုံကြည်ပစ်လိုက်သည်။ ထို့ကြောင့်ကျနော် ရူးပါသည်။ အရူးတစ်ယောက်၏အိပ်မက်များတွင် သူမခြေသံတိုဖြင့် ခမ်းနားနေပေလိမ့်မည်။ ‘ . . .’ ခေါ်သံဖွဖွများတွင် ဒိုင်း ၊ လွှားတို့ ကျိုးပဲ့သွားရသည်။ အကာအရံကင်းမဲ့စွာ ရင်ဟင်းလင်းဖွင့်ထားလိုက်ပါသည်။ ကျေးဇူးပြုပြီး တံခါးခေါက်ရန်မလိုပါ။ ပွဲမစခင်ကပင် ကြိုးဝိုင်းတစ်ဘက်ခြမ်းမှာ အပြာရောင်အလံကို ကျနော်လွှင့်ထူထားပါသည်။ မြို့ပြရောင်တောက်တောက်များထဲမှ ကျနော့်၏ ကျေးလက်ပျိုမလေးအား ရိုးရိုးသားသား ချစ်မိပါသည် ။ သေနတ်ပြောင်းများကွေးကောက် မြားကျည်တောက်ကိုလည်းစွန့်ခဲ့ပြီ။ သူမ၏အလင်္ကာများဖြင့် စောင်းကောက်တို့လည်း ခန့်ညားနေလိမ့်မည်။ တယောအိုအို ၊ ညပျိုပျိုနှင့် လရိပ်လည်းချို ၊ ကြယ်လည်းချို တေးသွားတစ်ပုဒ်ငိုနေခဲ့သည်။ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်မှူးတစ်ယောက် ၏ ဝင့်ကြွားခြင်းမျိုးဖြင့် လက်ခမောင်းခတ်ကာ ဟစ်ကြွေးချင်ပါသည် ။ ‘သူမကိုချစ်သည် . . . သူမကိုချစ်သည်. . . သူမကိုချစ်သည်’ ။


(ရိုးရာ)