Monday, November 30, 2009

အန္ဓအိပ်မက်

အန္ဓအိပ်မက်

အပြုံးတစ်ချက်က
နတ်ပန်းချီတစ်ချပ်လို
စုတ်ချက်ပြင်းတယ်
ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့
ငါ့ရင်ကိုခွင်း 
ဆွေးအောင်  မင်း တေးသီတယ် . . . . . ။

ငါ. .  . ငေးသည်။ ငါ. . . မောသည်။ ငါ. . . ငေးမောသည်။ ငါ. . .ငေးရင်းမောသည်။ ပန်းချီကားတစ်ချပ်၏ ညှို့မြူမှုကို မခံရပ်နိုင်သောကြောင့် သေဆုံးလုဆဲဆဲနာရီလက်တံတစ်ခုလို ရုန်းတိုးလူးကြွ မိသည်။ ညစောင်းသံနှင့် သန်းခေါင်ယံတေး အရိပ်တွင် အိပ်ဆေးပေးခံရသော ကုတင်အိုအိုတစ်လုံး၏ လေးလံနွမ်းနယ်မှုမျိုးက အသက်ရှူသံကို တုတ်နှောင်ထားခဲ့ကြ သည်။ ငါ့ကို မကယ်ပါနဲ့။ ငါ့ကို မကယ်ကြပါနဲ့။ ငါက ဖိတ်စာတစ်စောင်နဲ့ ကြိုးပေးခံရတဲ့တစ္ဆေတစ်ကောင်ပင် ဖြစ်သည်။

ဖြစ်နိုင်မယ်ဆိုရင်

သဲကန္တာရမှာလည်း

ဥယျာဉ်ဖြစ်အောင် ဖန်ဆင်း

နင့်အတွက် ပျိုးခင်းလေးတွေ သင်းစေမယ်။

ယခုညတွင် ငါသည်ဖိနပ် ငါသည်လမ်းဖြစ်သည်။ ဧဒင်ရနံ့နှင့် သူမကိုသင်းထုံစေရန်

အာဒမ်၏နံရိုးတစ်ချောင်းကို ခိုးဝှက်ခဲ့ မိပါသည်။ငါ ၀န်ခံပါသည်။ ငါ ခိုးဝှက်ခဲ့ပါသည်။

ထိုအပြစ်များအားလုံးအတွက် ငါ့မှာ ဖြေရှင်းရန် စကားတစ်ခွန်းသာရှိသည်။

`ထပ်ပြီးတော့ပြောရဦးမယ်

ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။´   ငါဝန်ခံပါသည်။ `ချစ်တယ်´`ချစ်တယ်´။ ထပ်ခါ

ထပ်ခါဝန်ခံပါသည်။ နိုဝင်ဘာရေ နောက်တစ်နေ့များ ကုန်ဆုံးရန်နီးကပ်လာခဲ့ပြီ။

မဆုံဖြစ်ခဲ့တဲ့ မျဉ်းပြိုင်တွေ အကြောင်း…

ကဗျာပေါင်း များစွာမှာ …

ကိုယ်အကြိမ်ကြိမ် ဖတ်ဖူးပါရဲ့ …. ။

ထို့ကြောင့်ပင် မျဉ်းပြိုင်ကို ညီမျှခြင်းဟု မြင်အောင်ကြည့်ခဲ့သည်။ `နင့်ကိုယ်နင်လိမ်ဖို့ နင်ငါ့ကိုညာသည်´ ။

နှင်းအကြီးကြီး ခေါင်ပါပြီ။ မိုးတိမ်များ သေပြီ။ မိုးတိမ်များ သေပြီ ဟု အထိတ်တလန့် ပြေးလွှားလာသော

လေပြေကပြောသည်။ ဇင်ယော် တို့ ငိုကြလေပြီ။ နတ်သမီးရေ နင်ဖတ်ခဲ့သောနိမိတ်က သွေးတိတ်အောင်

မှန်ခဲ့ပါပြီ။ တစ်ယောက်တစ်ခြမ်းနှင့် အလှမ်းကျယ်ကျယ် ဝေးခဲ့ကြပြီ။ ဝေး ပြီ ။ ေ ၀ း ၿ ပ ီ ။ ေ           

။ ေ                                                                                                                   

                                                           ။- - - - - - - - - - - - - - - - - - - - - - - - - - - ။

န င္ နဲ ႔ မ ေ တြ ႕ ရ တဲ့ ေ န ႕ မ ်ိ ဳ း ဆို

မို း တိ မ္ ေ တြ ကို ေ တ ာ င္ င ါ ေ မ ာ ့ မ ၾက ည့် ဖြ စ်

“ ဟု န်း ” ခ နဲ ထေ တာ က် တဲ့  တ ေ စ ၦ ည

ဒီ မှာ . . . . . န င့် ဖု န်းေ ခါ် သံ မ ကြား ရ ဘူး ။

ပြောစရာ မကျန်တော့ပါ။ ကြားစရာတွေလည်း မကျန်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွဲစိတ်ရန်ကြိုးပမ်းမိသော ဓားတစ်လက်လို ၊ ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်ဟုထင်သော မြားတစ်စင်းလို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချည်နှောင်ရန် ကြိုးပမ်းသော ကြိုးတစ်ချောင်းလို တစ်ဘက်ကမ်းခပ် မှားယွင်းခဲ့ခြင်းဖြစ်သည်။ တယ်လီဖုန်းလေးလည်း မမြည်တာ ကြာခဲ့ပြီ။ နင့်ခေါ်သံများကိုလည်း တယ်လီဖုန်းလေး မမှတ်မိတာ ကြာခဲ့ပြီ။ သိပ်မကြာလိုက်သလိုလို နှင့် တော်တော် လေးကိုကြာခဲ့ပါပြီ။

တောင်တန်းတွေဆီကို ငေးလို့ကြည့်မိပါတယ်
ချယ်ရီပန်းတွေ အဆုပ်လိုက် ပွင့်နေပုံက
ယဉ်ယဉ်ကျေးကျေး လှလို့နေရဲ
့ ။

လွင်ပြင်လေးသည်လည်း တောင်ကုန်းတစ်ခုလို ညွတ်ကိုင်းပြချင်စိတ်ရှိနေလိမ့်မည်။ ဆန္ဒနှင့် မမျှသော အိပ်မက်တစ်ပိုဒ် အတွက် အသက်နှင့်လဲသွားခဲ့သော တောအုပ်တစ်ခု၏ စိမ်းစိုတောက်ပမှုများကို ဂုဏ်ပြုနှုတ်ဆက်ကြရန်အတွက် ကမ္ဘာအဆက်ဆက်တေးတစ်ပိုဒ်ကို ရွက်ကြွေများ သီကြူးပေးကြသည်။ တေးမဆိုတတ်တဲ့ ငှက်တွေ အကုန်သေကြ။ ဒီလို တော့ ကျိန်စာတွေမရွတ်ရက်ပါ။ နတ်သမီးမှာ နိုဝင်ဘာကိုဖွက်ထားနိုင်သော အစွမ်းသတ္တိများရှိနေခဲ့သည်။

 

ကံကောင်းထောက်မခဲ့ရင်

ဘ၀ကို

နှင်းတွေနဲ့ပြန်စချင်တယ်။

နှင်းရေ . . . နှင်းရေ. . . ဘာသာပြန်ဆိုထားခြင်းမဲ့သော နှင်းရေ ။ နိုဝင်ဘာလေးသေပါပြီ။

အကျိုးအကြောင်းမဲ့စွာ အထောက်အထားမခိုင်လုံစွာ တရားခံရှာမရလိုက်ပဲ နိုင်ဝင်ဘာ

အသတ်ခံလိုက်ရသည်။ နိုင်ဝင်ဘာလေး သေပါပြီ။ မနက်ဖြန်သာ သက်ရှထင်ရှားရှိနေသေးလျှင်

နှင်းများနှင့်သာ အသစ်တဖန် မိုးလင်းလိုသည်။ နှင်းရေ. . . နှင်းရေ. . . နိုဝင်ဘာလေးကတော့ သေပါပြီ။

အို...........အချင်းစေတန်....
အနမ်းတစ်ပွင့်တောင် ....
                                 ပွင့်ခွင့်မရရှာခဲ့...... ။

ဒီမြေမှာ နှင်းဆီတွေ မပွင့်ကြတော့ဘူး။ ကြမ္မာငင်ရှာလေသော ဖုန်းဆိုးမြေ. . . သုသာန်၏လွန့်လူးသံများနောက်တွင် နှင်းဆီတို့ တနင့်တခဲ ကြွေကြလေပြီ ။ ငါ့မှာ မရှိတော့ပါ ။ ငါကလွဲလို့ ငါ့မှမရှိတော့ပါ။ ငါ့မှာ ငါပင်မရှိတော့ပါ။ နွေရာသီတွင် အရိပ်နှင့်လမ်းခွဲလိုက်သည် ။ ငါ့ကို မိုးမသောက်ခင် မြေချပေးပါ။ နတ်ဆိုးတွေမမြင်ခင်လေးမှာ ငါ့ကိုရှိုက်နမ်းပါ။ နောက်ဆုံးမှာ လက်ပြနှုတ်ဆက်သွားသူက နင်သာဖြစ်သည်။

ဟာသ မမြောက်ခဲ့ပါဘူး

ဒီနေ့ ပါးချိုင့်လေးပေါ် တက်လာတဲ့ ကြွက်တစ်ကောင်ဟာ

ငါ ဖြစ်နေခဲ့တယ် ။

အပြုံးလေးတစ်စနှင့် ပြာကျသွားရသော တစ္ဆေတစ်ကောင်သည် ငါဖြစ်သည်။ ရယ်စရာ မောစရာအဖြစ် ပြန်ပြောပြနိုင်ရန် အထပ်ထပ်အခါခါလေ့ကျင့်ထားသော နင့်ပါးချိုင့်လေးပေါ်တွင် မျက်ဝန်းပေါင်း ဘယ်နှစုံသေဆုံးခဲ့ပါသလဲ။ တမ်းတမ်းတတ မဟုတ်လျှင်တောင်မှ ခရီးသွားဟန်လွဲလေးတော့ နင်ငါ့ကိုလွမ်းပါ။

ကဗျာဆရာရယ် ရှင်ကိုသိပ်လွမ်းလိုက်တာ

နင်ပေးတဲ့ မက်ဆေ့ခ်လေးနဲ့

ငါရန်ကုန်မှာရေနစ်နေတယ်…. ။

တစ်ရံရောအခါကဟု ဆိုခဲ့ပါလျှင် ငါသည် အတိတ်တွင် နေရစ်ခဲ့သူဖြစ်သည်။ ကဗျာဆရာအတွက် ကုန်ကြမ်းဟုဆိုကာ သူမက အလွမ်းတွေ အထုပ်အထည်လိုက် ပေးရစ်ခဲ့သည်။ နတ်သမီးရေ နင်ပေးတဲ့စကားလုံးတွေနဲ့ ငါ့ကဗျာတွေ ယိမ်းနွဲ့လူးကြွနေတယ်။ ကောက်ရိုးတစ်မျှင်ပေးပါ. . .  ကောက်ရိုးတစ်မျှင်ပေးပါဟု ရေနစ်သူက အော်ဟစ်တောင်းဆိုသည်။ နတ်သမီးရေ ငါ့အတွက်တော့ ပိုးချည်မျှင်လေးတစ်မျှင်လောက်သာ မျောလွင့်လာခဲ့ပေးပါကွယ်။

အင်္ကျီအိပ်ကပ်ထဲက

တဆစ်ဆစ် “ အောင့် ” တယ် ။

ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက

စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။

 

 

ဗညားရှိန် ၊ သောတ ၊ ကြက်သွန် ၊ နွေးနွေးသဲမွန် ၊ သူရဿဝါ ၊ မင်းယွန်းသစ် ၊ ဇာတိ ၊ပိုးဥ ၊ ရုပ်သေး ၊ မိုးလှိုင်ည ၊ ညီစိမ်း တို့၏ကဗျာများကို အသုံးပြုထားပါသည်။

 

မသက်ဝေကို ပြောပြရန်ရှိသည်

မသက်ဝေကို ပြောပြရန်ရှိသည်

 

 

 

ခွင့်ပြုပါ. . .

တစ်ခုခုပြောဖို့ခွင့်ပြုပေးပါ. . .

တစ်ခုခုအကြောင်း ပြောပြဖို့ ခွင့်ပြုပေးပါ. . .

စာအုပ်ထဲက အနီရောင် အမှတ်အသားတွေအကြောင်း. . .

နွေရာသီမှာလမ်းလျှောက်နေပြီး

ထီးဆောင်းရင်း စိုနေတဲ့ကောင်အကြောင်း. . .

ပြီးတော့. . . ပြီးတော့. . .  ပြီးသွားတော့မယ့် အကြောင်းတွေ

ပြောခွင့်ပြုပါ မသက်ဝေ။

 

မနေ့ညက

အိပ်မက်ထဲကို ပြန်အရောက်မှာ

နိုဝင်ဘာမရှိတော့ဘူးတဲ့မသက်ဝေရယ်

နှင်းတွေလည်းငိုလိုက်ကြတာ

ကျနော့်မှာတောင်မှာ ဆို့နင့်ကြေမွလို့. . . .။

 

ဒီလိုနဲ့

ကျနော်ဟာ

ခြေရာအဟောင်းကိုပြန် , ပြန်နင်းမိတိုင်း

တနင့်နင့်လွမ်းတတ်တဲ့

ဖိနပ်လေးတစ်ရံဖြစ်ခဲ့ . . . ။

 

သွားတောင်မသွားရသေးပဲနဲ့

ဘာလို့ဝေးတယ်ပြောလဲ မသက်ဝေ

ခရီးက နီးနေပြီး ၊ အမြင်ချင်း ဝေး နေခဲ့တာ

နှုတ်ဆက်တာတဲ့လား. . .

ဘူတာရုံဟာ တစ်ခြမ်းပြိုကျသွားလိုက်ရ. . .

ရင်ဘတ်ဟောင်းလောင်းနဲ့

ကျနော်ငိုခဲ့ရတယ် မသက်ဝေရယ်. . . ။

 

မြစ်က မြစ်လိုစီးပေမယ့်

လှေကလှေလို မမျောတတ်ခဲ့ဘူး

ဒီလိုပါပဲမသက်ဝေရယ်. . .

ကျနော်က အမြဲတမ်းဆိုတာထက်

ပိုမိုလွဲချော်တတ်တဲ့ကောင်မဟုတ်လား ။

 

ပြောခွင့်ပြုပါ. . .

တစ်ခုခုပြောဖို့ခွင့်ပြုပေးပါ. . .

တစ်ခုခုအကြောင်း ပြောပြဖို့ ခွင့်ပြုပေးပါ. . .

မသက်ဝေကို ပြောပြဖို့ရှိနေတဲ့ တစ်ခုခုအကြောင်းကို

ဟိုးတုန်းကလို ပြန်ပြောပြနိုင်ဖို့ ခွင့်ပြုပေးပါ. . . . .

နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်

 

 

 

 


နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်



မနက်ဖြန်ကို မနက်ဖြန်လို့မမြင်ခင်ကတည်းက

နင့်ကို ငါ့်ရဲ့တစ်ဝက်တစ်ခြမ်းလို့ ငါမြင်တတ်ခဲ့တာ

မိသုနြေ္ဒရေ. . .  ခုတော့

မိုးကတောင် ငါ့ကိုတစ်ဝက်ပဲစိုအောင်ရွာတယ်။

 

တိမ်အသေတွေပါလားမိသုနြေ္ဒ

ဟိုးမှာ. . ဟိုး. . . . .မှာ လေ

ခပ်နိမ့်နိမ့် သေနေကြတာကွယ်

လေပြေဟာတောင် သူတို့နဲ့မဆိုင်လိုက်သလိုပါပဲ။

 

နင်မေ့ထားလိုက်တာလားမိသုနြေ္ဒ

နင်က ငါတစ်ဝက်နဲ့ နင်ဖြစ်သလို

ငါကလည်း နင်တစ်ဝက်နဲ့ငါဖြစ်နေခဲ့တာ

တကယ်ဆိုတော့ ငါတို့ဟာ

တစ်ယောက်စီရဲ့ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေပါ။

 

ကျောက်ခေတ်လူသားက

မီးကိုရှာဖွေတွေ့ရှိသလိုမျိုး

ကန္တာရက စမ်းချောင်းကိုရှာဖွေတွေ့လိုက်သလိုမျိုး

မီးခိုးတန်းက ကောင်းကင်ကိုရှာဖွေတွေ့ရှိလိုက်သလိုမျိုး

ငါနင့်ကိုရှာဖွေတွေ့လာခဲ့တာပါ မိသုနြေ္ဒ ။

 

တရွေ့ရွေ့  . . .

တ. . . ရွေ့  . . . ရွေ့  . . .  ရွေ့     နေ

မုန်တိုင်းမှာ ပန်းတွေပွင့်လာတယ်မိသုနြေ္ဒ

မုန်တိုင်းကပန်းတွေသယ်လာတာမဟုတ်ဘူးနော်

မုန်တိုင်းမှာ ပန်းတွေပွင့်လာကြတာ ။

 

ဖြည်းဖြည်းပဲသွားပါ

ခလုတ်တွေတိုက်မိနေဦးမယ်

နင့်နောက်ကလိုက်မလာသလို

နင့်ကိုလဲဆွဲမထားပါဘူး မိသုနြေ္ဒရယ်။

 

သွားတော့နော်. . .

မနက်ဖြန်ဟာ မနက်ဖြန်မဖြစ်ခင်မှာ

ငါတစ်ဝက်ဟာနင်ဖြစ်လျက်ပါသွား

နင်တစ်ဝက်က ငါ့ဆီကထွက်သွားကြ. . . . . . . . .။         

နှင်းသေသွားတဲ့ဆောင်း

 မြူခိုးတွေဖယ်ကြည့်မှ
မသက်ဝေကို ကျနော်တွေ့ရတယ်
နတ်သက်ကြွေသံသံ သဲ့သဲ့အဆုံးမှာ
နတ်သမီးဟာ ရှေ့တည့်တည့်ပြုတ်ကျလာခဲ့သလားလေ

 

 

သွေးကြောများ ပြတ်ရွှေ့ပွင့်ကွဲသွားသံကို ကြားလိုက်ရသည်ဟု ထင်မိသောနံနက်ခင်းက

ကျနော့်ခေါင်းအုံးလေး ငိုသည်။ မသက်ဝေရှိရာသို့ ရောက်အောင်မသွားနိုင်ဟု ထင်မိသောနေ့က

ကျနော့်ဖိနပ်လေး ငိုသည်။ မသက်ဝေ ကျနော့်ကိုစိတ်ဆိုးသွားသည်ဟု ထင်မိသောညက

ကျနော့်ဘောပင်လေးငိုသည်။မသက်ဝေ ပန်းမပန်တော့ဟု ထင်မိသောတစ်ရက်က ကျနော့်စံပယ်ရုံလေး

ငိုသည်။  . . ငိုသည်။ . . . ငိုကြပါသည်။ မသက်ဝေသည် အချိန်အခါ လိုက် ချဉ်ချင်းတပ်မက်ဖွယ်

ရာသီပေါ်စာမဟုတ်ပါ။ မသက်ဝေသည် အပျင်းပြေရုံ လူကြိုက်များရုံသာ ရိုက်ကူးထား သော

ဗီဒီယိုဇာတ်ကားတစ်ကား မဟုတ်ပါ။ မသက်ဝေသည် နှင်းဆီမြို့ရိုးမှ မိုးရာသီတစ်ခုဖြစ်သည်။ ဘာသာပြန်

ဆိုထားခြင်းမရှိသော နှင်းမြို့သူတစ်ယောက်ဖြစ်သည်။မသက်ဝေကို မသက်ဝေဟု

သိလိုက်ရသောအချိန်က ကာရန်ညီခြင်းနှင့် ကာရံမညီခြင်းကို ကာရံညှိရန် ကြိုးစားခဲ့မိကြောင်း ပြောပြရန်

ကြိုးစားခဲ့ဖူးသည်။ ထိုအချိန်က ကျနော့်အိပ်မက်လေးက မသက်ဝေ. . မသက်ဝေဟုခေါ်နေသောကြောင့်

ကျနော်က ပန်းပွင့်သံများကြားရသည်။မသက်ဝေ၏နှုတ်ခမ်းများပေါ်တွင် ကျနော့်အသက်ရှူသံကို

ကြားချင်သည်။ စက္ကူဖြူနုလေးတစ်ခုပေါ်တွင် မသက်ဝေ၏ စာလုံးပေါင်းများကို ကျနော်ကျဲချခဲ့ဖူးသည်။

ကျနော်က မသက်ဝေ၏ ဆဲလ်တစ်မှုန်ဖြစ်ချင်ခဲ့သည်။ မသက်ဝေ၏  စာလုံးပေါင်းများထဲတွင်

စာလုံးတစ်လုံးအဖြစ်ပါဝင်ချင်ခဲ့သည်။

 

 

ကျနော်က မသက်ဝေရဲ့ ကံတရားနဲ့ လူဖြစ်တယ်

ကျနော့်ကိုမသက်ဝေပိုင်သလောက်တောင်

ကျနော့်ကိုကျနော်မပိုင်ဘူး

 

မသက်ဝေ၏ဆံနွယ်များ နှင်းလိုရွာသောနေ့က ကျနော်က ထီးဆောင်းဖို့မေ့ခဲ့သည်။ ကျနော်ကျဲချခဲ့သော

စာရွက် လေးပေါ်မှ မသက်ဝေ၏အပြာရောင်နာမည်လေးများက ကျနော်နေ့စဉ်ကျက်မှတ်သော

သင်္ခန်းစာတစ်ခုဖြစ်သည်။ လာပါ မသက်ဝေ။ ၀င်လာခဲ့ပါ။ ဖိနပ်ချွတ်ထားခဲ့ပါ။

အရိပ်တွေကိုခေါက်သိမ်းထားခဲ့ပါ။ ထီးဆောင်းခဲ့ပါ။ ရေဘူးဆောင်ခဲ့ပါ။ အသက်ရှူသံချင်း

အလဲအထပ်ပြုကြမည်။ ကျနော်တို့ ကျောချင်းလွှဲပစ်ကြမည်မသက်ဝေ။ ရနံ့များ

သင်းအေးကြည်လှိုင်ပါစေ။ ထိုနေ့များအား တိမ်လွှာကမ်းပါးများတွင် မော်ကွန်းတင်ထားကြမည်။

မသက်ဝေညောင်းလျှင် ကျနော့်ခြေထောက်နှင့်လျှောက်ပါ။ မသက်ဝေမောလျှင်

ကျနော့်အောက်ဆီဂျင်ကိုပါ ရှူပါ။ လိုအပ်ပါသေးလျှင် ကျနော့်ရင်ခုန်နှုန်းကိုယူပြီး

မသက်ဝေအသက်ဆက်ရှင်ပါ။ နှင်းများကျစေသော မန္တာန်တစ်ပိုဒ် ကိုရွတ်ပါမသက်ဝေ။ ဆောင်းရာသီက

မသက်ဝေ၏အသက်သွင်းမှုတွင် နိုးထပါစေ။ မနေ့ကဟု မသက်ဝေကပြော သောအခါ ကျနော်

အတိတ်ကိုသတိရပါသည်။ မနက်ဖြန်ဟု မသက်ဝေက ပြောလာလျှင် ကျနော် အနာဂတ်ကို

စဉ်းစားပါသည်။ မသက်ဝေ၏လက်တစ်ဖက်နှင့် ကျနော့်ကိုညွှန်ပြပါ။ ကျန်လက်တစ်ဖက်ဖြင့် ကျနော့်ကို

ထိန်းကျောင်းပါ။ အလင်းတန်း၏ တခြားတစ်ဘက်သို့ သွားကြရအောင် မသက်ဝေ။

 

ကျွန်တော်သိပါတယ်မသက်ဝေ
လောကမှာမပြောလည်းသိတဲ့အရာကအမှန်တရားတဲ့
ကျွန်တော်ကိုယ်တိုင်တောင်မှ
အတွေးတွေမပိုင်
အိပ်မက်တွေမပိုင်ဘူး
မသက်ဝေကတော့ ကျွန်တော့်ကို
အိပ်မက်အထဲအထိခေါ်ပြီး
ဝေဒနာတွေနဲ့အိပ်မွေ့ချတယ် ။

 

မသက်ဝေကို ခေါ်ပေးပါ. . မသက်ဝေကို ခေါ်ပေးပါဟု မျက်ဝန်းများမှ အကြိမ်ကြိမ်အော်ဟစ်ခဲ့ကြသည်။

မသက်ဝေ ၏ ခြေလှမ်းများ ကြားကြပါစေ။ မိုးချုပ်သွားခြင်းမဟုတ်ပဲ နံနက်ခင်းရှိရာသို့

ခုတ်မောင်းခြင်းဖြစ်သည်ဟု မသက်ဝေ ကပြောသည်။ ကျနော်ကသာ

ခုထိလင်းမလာနိုင်သေးခြင်းဖြစ်သည်။ ခွင့်ပြုပါမသက်ဝေ။ သက်တံ့ကို အညွန့်ခူးဖို့ ခွင့်ပြုပါ။ ရယ်သံများကို

နိမိတ်ဖတ်ဖို့ ခွင့်ပြုပါ။ မိုးမကျမီ စိမ်းလန်းဖို့ခွင့်ပြုပါ။ အိမ်ပြန်ခင် လွမ်းဖို့ခွင့်ပြုပါ မသက်ဝေ။

သွားကြရအောင်မသက်ဝေ။ လာပါ. . .။ ကျနော်တို့နှစ်ဦးတည်းသာ မြင်တွေ့နိုင်မယ့်

ကောင်းကင်မြို့တော်ဆီသွား ကြမည်။ ရနံ့တွေ တေးဆိုနေကြသည်။ လိုက်ခဲ့ပါမသက်ဝေ ။ ကျနော်နဲ့

တစ်ပါတည်းလိုက်ခဲ့ပါ။ မသက်ဝေနှင့်အ တူ ဥယျာဉ်လေးကိုလည်း ခေါ်ခဲ့ပါ။ ကဗျာတွေကိုခေါ်ခဲ့ပါ။ ခေါ်ခဲ့ပါ

၊ မသက်ဝေကိုလည်းခေါ်ခဲ့ပါ။

 

မသက်ဝေ
ဝတ်ကောင်းစားလှတွေဝတ်ပြီး
မနက်ဖြန်တွေတိုင်းမှာ
ကျွန်တော့်ယဉ်ကျေးမှုတွေကို
ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ
ရေးကြီးခွင်ကျယ်ပြောနေတာမဟုတ်ဘူး
ဒါကို
ရီစရာဟာသတစ်ပုဒ်လိုသဘောမထားလိုက်ပါနဲ့

 

ပြီးသွားပါပြီမသက်ဝေ။ အဲဒါတွေပြီးသွားခဲ့ပါပြီ။ ဇာတ်လမ်းက အဲဒီမှာတင်ပြီးတယ်

အစရှိရာသို့ပြန်သွားရန်ခြေ ဦးလှည့်လိုက်ချင်းဖြစ်ပါသည်။ကျနော်နဲ့ မသက်ဝေကြားမှာ

အီကွေတာမျဉ်းတစ်ကြောင်းခြားတယ် ။သွားနှင့်ပါ မသက်ဝေ။ ကျနော်ကတော့ရပ်နေမည်။ မတော်တဆ

ပြန်လှည့်လာခဲ့ပါလျှင် မသက်ဝေနှင့်လွဲချော်ရမည်ကို ကျနော်ကြောက်သည်။ ကျနော်ကတော့

ရပ်လျက်သာနေပါမည်။ ရပ် လျက် သာ နေ ခဲ့ ပါ မည်။ မသက်ဝေနှင့် စကားတွေပြောရန် ထိုနေ့လေးကို

ကျနော်လှမ်းခေါ်မိသည်။ သူရှိရာသို့ ကျနော်မသွားတတ်သောကြောင့် ကျနော်ရှိရာသို့

သူလည်းမလာတတ်ပါ။ ကျနော်တို့သည် လမ်းရှိပါလျက် လမ်းမလျှောက်တတ်သူများဖြစ်ခဲ့ကြ သည်။

သို့နှင့်ပင် ကျနော်သည် မျဉ်းပြိုင်ကို ညီမျှခြင်းဟုမြင်အောင်ကြည့်သော၊ ချောချောမွေ့မွေ့ထစ်ငေါ့နေသော၊

အသွားနှင့်ကမ်းသောဓားကိုမှ ခရီးဦးကြိုပြုခဲ့ရသော၊ လမ်းတစ်ခြမ်းပျောက်သော ၊ မိုးမလွတ်သော 

ခပ်တုံးတုံးငနဲ တစ်ယောက်ဖြစ်ခဲ့သည်။ အသံမပါသောစကားတစ်ခွန်းကို နားထောင်ရန်

ရင်ဘတ်ကိုဖွင့်ထားလိုက်ပါ မသက်ဝေ။ ထို  နေ့  က  နှင်း  များ  သေ  သည်    ထို  နေ့  က  ဆောင်း 

ရာ  သီ  လေး  ငို  သည်   

 

ဒီလိုပဲလေ. . .

လောင်ခန်းသွားတဲမြစ်တစ်စင်းမှာ
လူငယ်တစ်ယောက်ရဲ့အိပ်မက်ထဲက
အထိတ်တလန့်ထွက်ကျလာတဲ့ သက်ပြင်းသံတွေရှိနေပါလိမ့်မယ် မသက်ဝေ။ ။

 

ကဗျာများဖြင့်ကူညီပေးသော ကိုအမည်မဲ့အား အထူးကျေးဇူးတင်ပါသည်။

 

 

 

 

တစ်ရံရောအခါက ( နေ့သစ် ၊ အမည်မဲ့ ၊ ဇာတိ ၊ မင်းယွန်းသစ် ၊ ဆူးခက်မင်း ၊ ၊ ရိုးရာ )

တစ်ရံရောအခါက ( နေ့သစ် ၊ အမည်မဲ့ ၊ ဇာတိ ၊ မင်းယွန်းသစ် ၊ ဆူးခက်မင်း ၊ ၊ ရိုးရာ )

မကြည်ဖြူရေ ... စိတ်ထဲမှာ ဘာရှိလဲ ဆိုတော့
..........................................................
.........................................
............................ .နှင်းတွေ အထွေးလိုက်ပြိုကျလာတယ်
.................................................ကံကြမ္မာကို
ဒီလိုနေ့ မျိုးမှာ မိတ်ဆွေအဖြစ်က ခဏတာ ရပ်စဲချင်တယ်
...................................................................
ဆောင်းဆိုတာ.........................................
ကျွန်တော့်ရဲ့  ဘက်တော်သား မဟုတ်ဘူးလေ.... ။

မင်းဟာ

အလွန်ချိုမြိန်တဲ့ အပြုံးတစ်စနဲ့

အလွမ်းသင့်သူတစ်ယောက်လို

တွေးနေချင်တယ်

တစ်ခါတစ်ရံ လေညှင်းစက်ကြောင့်

အာရုဏ်ဦးမှာ ငိုချင်ရှာလိမ့်မပေါ့

ကောင်မလေးရေ...ချုပ်ရိုးပျက်အချစ်တွေအတွက်

လောင်းကြေးမထပ်ချင်တော့ဘူး။

 

လေ ထု ထဲ

ပိုင်းပြတ်ဖြတ်ချ မယ့် မျဉ်းတွေပါလားသလား

ငါတို့ ..

တစ်ယောက်ကို တစ်ယောက်မကယ်နိုင်အောင်

ဝေး ကွဲ ခဲ့ ကြ ......

လေ ထု ထဲ .. ၊၊ ၊၊

 

ဒီလိုနဲ့

ဖုန်အလိမ်းလိမ်း ထနေတဲ့

ဝင်ရိုးစွန်းတွေကို... သယ်ပိုးပြီး

သူမရဲ့ တနင်္ဂနွေ တောအုပ်လေးထဲ

တိုးဝင်ခဲ့.....

ဘာသာဗေဒမဲ့နေတဲ့ ရင်ကွဲနှင်းတွေ

ငါ့အပေါ် တဆစ်ဆစ် သွန်းလောင်းပြီး

ငါ့နိုဝင်ဘာကတော့ တွဲလိတွဲလောင်းနဲ့ပေါ့...။

 

 

မသေချာတဲ့ လေးဆယ်ရာနှုန်းကို ဖက်တွယ်ပြီး ...

တွယ်တွယ်မက်မက် .. ရုးခဲ့တဲ့ကောင် ..

သေမလို ရှင်မလိုနဲ့ .. မသေမရှင် ဖြစ် ၊

မြေတစ်ပိုင်း ရေတစ်ပိုင်းနဲ့ မီးလိုတောက်ပြီး လေကို ရှုတယ် ..။

 

 

မီးတောက်လေး တစ်ပြောက် နှစ်ပြောက်ရွာဖို့

ကောင်းကင်တစ်ခုလုံးလောင်မြိုက်ပေးရမယ်ဆိုရင်

မြေပြင်ကိုလည်း အပြစ်မတင်ပါဘူး

တစ်ဦးတစ်ယောက်အနေနဲ့ဆိုရင်

(ဘာပဲဖြစ်ဖြစ်) ခါးကောင်းခါးမယ်ပေါ့

သွားလိုရာသွားနိုင်တယ်ဆိုတာ

ဖိနပ်လမ်းထိနေသရွေ့သာ ဖြစ်ပါလိမ့်မယ်။

 

နေ့သစ် ၊ အမည်မဲ့ ၊ ဇာတိ ၊ မင်းယွန်းသစ် ၊ ဆူးခက်မင်း ၊ ၊ ရိုးရာ ။

ဝတ်မှုန်အက်ကြောင်း

ဝတ်မှုန်အက်ကြောင်း

ဝတ်မှုန်လေးရေ

ဝတ်ရုံအကြီးကြီးခြုံထားပေမယ့်

ဝေးကွာခြင်းကို လုံအောင်မပုန်းနိုင်ခဲ့ဘူး

နင့်ရနံ့လေးတွေလှုတ်ခတ်ရုံနဲ့

ပင်လယ်ဟာ မုန်တိုင်းကိုမေ့သွားခဲ့ရတယ်။

 

ဝတ်မှုန်လေးရေ. . .

ပန်းပွင့်သံတွေနားစွင့်နေလို့

ပွင့်ချပ်တွေပြေလျော့ကျလာတာမမြင်လိုက်ရဘူး

ဒီနေ့နဲ့မနက်ဖြန်လိုမျိုး

တို့တွေ အဝေးဆိုးကြီးနဲ့ ဝေးတယ် ။

အတောင်တစ်ခြမ်းနဲ့ငှက်က

မိုးကုပ်စက်ဝိုင်းကို သတိရသလိုမျိုး

တို့တွေ အဝေးဆိုးကြီးနဲ့ ဝေးတယ် ။

 

အတောင်ခတ်သံတွေအသွားတဲ့နေ့က

ပန်းသီးတစ်လုံးရဲ့အဆီသြဇာတွေထဲမှာ

နင့် အပြုံးပါးပါးတွေမြုပ်ကျနေခဲ့တယ်

မဖြစ်နိုင်လိုက်သလိုပါပဲ ဝတ်မှုန်လေးရယ်

ဖြစ်ပျက်သွားလိုက်တာများ

အသိစိတ်တစ်ခုနဲ့တောင် လိုက်လို့မမှီလိုက်ဘူး

တစ်ခုခုပြီးဆုံးသွားတာလားဆိုတော့

တစ်ခုခုပြန်စခဲ့တာပါတဲ့

ဘာတွေကိုဘယ်လိုပြန်ချည်နှောင်ရမလဲဆိုတာတောင်

ငါ့မှာ. . .  ပြည့်ပြည့်၀၀ နားလည်ခွင့်မရခဲ့ရှာဘူး

အစအဆုံးမှာ အငြင်းဝါကျတွေအပြည့်နဲ့

နင့်ဘက်က ပြည့်ဖုံးကားချပါပြီဆိုပေမယ့်

ငါက ခုမှ လိုက်ကာကို ဖွင့်ခဲ့တာ

တိုက်ဆိုင်စွာလွဲချော်ခဲ့တာပါဝတ်မှုန်လေးရယ်

မတော်တဆဖြစ်ပျက်ခဲ့တဲ့ မတော်တဆတစ်ခုသက်သက်ပါပဲ

အဲဒါနဲ့များ . . .  ရထားဟာထွက်ခွါခဲ့ရရောလား

ကြိုးပြတ်ဥယျာဉ် ၊ ပိုင်ရှင်မဲ့နှင်းဆီ နဲ့ တယောတစ်လက်ရဲ့ဒဏ္ဍာရီတွေထဲမှာ

သွေးပျက်ခြောက်ချားဖွယ်ဇာတ်ဝင်ခန်းတစ်ခု

အခုထိပြောနေကြတုန်းပဲ အခုထိပြောနေကြတုန်းပဲ ။

 

“ဝတ်မှုန်လေးရေ. . .

လေပြေညှင်းဆိုတာ

တိမ်စိုင်ကိုသာမဟုတ်ဘူး

မြေမှုန်ကိုလည်းနမ်းတယ်ကွဲ့။           ။”

 

 

ချစ်မိသူတစ်ယောက်ရဲ့နောက်ဆုံးမှတ်တိုင်

ချစ်မိသူတစ်ယောက်ရဲ့နောက်ဆုံးမှတ်တိုင်

 

 

ကောင်းကင်တစ်ခုလုံးကို

ဖမ်းဆုပ်ဖို့ကြိုးစားမိပေမယ့်

မီးခိုးငွေ့တန်းတစ်ခုရဲ့ယိုင်နဲ့ခြင်းမျိုးက

ငါ့ကို လှဲဖြိုချထားခဲ့တယ်။

 

ပြန်စဉ်းစားကြည့်ဖို့တောင်မှမဝံ့ရဲခဲ့တဲ့

လူငယ်တစ်ယောက်ရဲ့အိပ်မက်တွေ

နင့်လက်ဖဝါးက ပန်းကလေးကြွေကျသလိုမျိုး

အကြွေဆိုးနဲ့ကြွေခဲ့ရတယ်။

 

ဟုတ်ပါလိမ့်မယ်မသက်ဝေ

ကျွန်တော်က ကောင်းကင်အကြောင်းမသိတဲ့ကောင်ပေါ့

မြေပြင်ရဲ့သဘာဝမှာ

ကျွန်တော် နေသားကျနေခဲ့လို့ပါ။

 

ဘာမှလည်း ပြောစရာမလိုတော့ပါဘူး

တစ်ယောက်နားလည်မယ့်ဘာသာစကားကို

တစ်ယောက်မကြားတတ်ခဲ့ဘူးလေ

ဘာမှပြောစရာမရှိတော့ပါဘူး။

 

မီးအကြီးကြီးလောင်တယ်မသက်ဝေ

လွင်ပြင်တစ်ခုလုံးကျွမ်းသွားအောင်လောင်တယ်

ကန္တာရပဲလေ . . .

ရေမရှိတာမဆန်းဘူးမဟုတ်လား။

 

တစ်ခုပါပဲ

ကျွန်တော်ထွက်ခွါသွားတဲ့အခါ

ချစ်မိသူတစ်ယောက်ရဲ့ဧဒင်မှာ

မှတ်တိုင်လေးပဲစိုက်ထားပေးပါ။

 

အဲဒီနေရာမှာ

ကျိန်စာတွေသင့်နေတဲ့မြေပြင်လေးရှိတယ်

ဘယ်တော့မှမပွင့်တော့တဲ့နှင်းဆီတွေလည်းရှိတယ်

သက်တံ့တန်းလန်းနဲ့ ပျံနေတဲ့ငှက်တွေရှိတယ်

 

ကျွန်တော်က ပစ်ပစ်ခါခါ “ချစ်” တယ်

မသက်ဝေက နှစ်နှစ်ကာကာ “မုန်း” တယ်

တစ်ယောက်က တစ်ယောက်ကိုလို့

ဘာလို့ မတွေးမိခဲ့ကြသလဲမသက်ဝေ။

 

ဒီလိုပဲလေ. . . .

လောင်ခန်းသွားတဲ့ မြစ်တစ်စင်းမှာ

လူငယ်တစ်ယောက်ရဲ့အိပ်မက်ထဲက

အထိတ်တလန့်ထွက်ကျလာတဲ့ သက်ပြင်းသံတွေရှိနေပါလိမ့်မယ် မသက်ဝေ။    

နိုဝင်ဘာရောက်ပြီ မေမေ

ဒီကနေ့ဟာ ကျနော်ဆိုတဲ့ကောင်တစ်ယောက် ခြေထောက်ပေါက်ခဲ့တာ ဆယ်စုနှစ်နှစ်ခုရဲ့စည်းအပြင်ကို ခြေတစ်လှမ်းကျွံမိတဲ့နေ့ပေါ့။ ဟိုး. . . ခပ်လှမ်းလှမ်းက လွမ်းနေမယ့်အမေ့ကို ဒီကဗျာလေးနဲ့ဦးချပါရစေ။

 

နိုဝင်ဘာရောက်ပြီ မေမေ

 

တစ်ခုခုများမှားနေသလားဆိုတော့
တစ်ခုခုမကဘူး မှားနေတယ်မေမေ
ဒါနဲ့ပဲ . . .
ဟိမဝန္တာကို
ဖိနပ်မပါပဲ တက်လာခဲ့တယ်။

မေမေရေ. . .
လမ်းလျှောက်ကောင်းတဲ့လူမိုက်
ခုတော့ ခလုပ်တိုက်ပြီ။

“သားရေ. . . လှေမထွက်ခင် ရေကူးတတ်အောင် သင်ထား”တဲ့
ဟုတ်တယ်မေမေရယ်
တက်မပါပဲ
ပင်လယ်ကိုလှော်ဖို့ကြိုးစားတာ
သား. . . မှားတယ်။

ဒီဆောင်းကလည်း
အဟောင်းကြီးပါမေမေရယ်
ဘာလို့စောင်အသစ်တွေခြုံမလဲ
အနွေးထည်အဟောင်းလေးလည်း နွေးပါတယ်။

မေမေခဏခဏပြောတယ်
“ခုလိုနိုဝင်ဘာမျိုးပေါ့”တဲ့
မေမေ့အတွက်တော့ နိုဝင်ဘာတိုင်းဟာ
တူနေမှာပေါ့
တကယ်တော့. . .
ခုနိုဝင်ဘာက အဲဒီတုန်းကလို
မအေးတော့ဘူးဗျ။

ခုဆို နိုဝင်ဘာကိုရောက်ပြီလေ
ဒီတစ်နှစ်လည်း
ကုန်းထိပ်ကဘုန်းကြီးကျောင်းအတွက်
မေမေဆွမ်းတစ်ချိုင့်ချက်တော့မယ်ဆိုတာ
သားသိပါတယ်။

သားမှတ်မိသေးတယ်မေမေရာ
ငယ်ငယ်တုန်းကလေ
မေမေက မြေပြင်ပေါ်ကြယ်ပုံရေးပြတော့
သားကမိုးပေါ်မှလက်ညှိုးထိုးပြခဲ့တာ
အဲဒီကြယ်ကလေးကတော့
မိုးပေါ်မှာခုလင်းနေပြီ
သားကတော့
မြေပြင်ကိုငုံ့ကြည့်နေတုန်းပဲ မေမေ ။