Monday, November 30, 2009

ဝတ်မှုန်အက်ကြောင်း

ဝတ်မှုန်အက်ကြောင်း

ဝတ်မှုန်လေးရေ

ဝတ်ရုံအကြီးကြီးခြုံထားပေမယ့်

ဝေးကွာခြင်းကို လုံအောင်မပုန်းနိုင်ခဲ့ဘူး

နင့်ရနံ့လေးတွေလှုတ်ခတ်ရုံနဲ့

ပင်လယ်ဟာ မုန်တိုင်းကိုမေ့သွားခဲ့ရတယ်။

 

ဝတ်မှုန်လေးရေ. . .

ပန်းပွင့်သံတွေနားစွင့်နေလို့

ပွင့်ချပ်တွေပြေလျော့ကျလာတာမမြင်လိုက်ရဘူး

ဒီနေ့နဲ့မနက်ဖြန်လိုမျိုး

တို့တွေ အဝေးဆိုးကြီးနဲ့ ဝေးတယ် ။

အတောင်တစ်ခြမ်းနဲ့ငှက်က

မိုးကုပ်စက်ဝိုင်းကို သတိရသလိုမျိုး

တို့တွေ အဝေးဆိုးကြီးနဲ့ ဝေးတယ် ။

 

အတောင်ခတ်သံတွေအသွားတဲ့နေ့က

ပန်းသီးတစ်လုံးရဲ့အဆီသြဇာတွေထဲမှာ

နင့် အပြုံးပါးပါးတွေမြုပ်ကျနေခဲ့တယ်

မဖြစ်နိုင်လိုက်သလိုပါပဲ ဝတ်မှုန်လေးရယ်

ဖြစ်ပျက်သွားလိုက်တာများ

အသိစိတ်တစ်ခုနဲ့တောင် လိုက်လို့မမှီလိုက်ဘူး

တစ်ခုခုပြီးဆုံးသွားတာလားဆိုတော့

တစ်ခုခုပြန်စခဲ့တာပါတဲ့

ဘာတွေကိုဘယ်လိုပြန်ချည်နှောင်ရမလဲဆိုတာတောင်

ငါ့မှာ. . .  ပြည့်ပြည့်၀၀ နားလည်ခွင့်မရခဲ့ရှာဘူး

အစအဆုံးမှာ အငြင်းဝါကျတွေအပြည့်နဲ့

နင့်ဘက်က ပြည့်ဖုံးကားချပါပြီဆိုပေမယ့်

ငါက ခုမှ လိုက်ကာကို ဖွင့်ခဲ့တာ

တိုက်ဆိုင်စွာလွဲချော်ခဲ့တာပါဝတ်မှုန်လေးရယ်

မတော်တဆဖြစ်ပျက်ခဲ့တဲ့ မတော်တဆတစ်ခုသက်သက်ပါပဲ

အဲဒါနဲ့များ . . .  ရထားဟာထွက်ခွါခဲ့ရရောလား

ကြိုးပြတ်ဥယျာဉ် ၊ ပိုင်ရှင်မဲ့နှင်းဆီ နဲ့ တယောတစ်လက်ရဲ့ဒဏ္ဍာရီတွေထဲမှာ

သွေးပျက်ခြောက်ချားဖွယ်ဇာတ်ဝင်ခန်းတစ်ခု

အခုထိပြောနေကြတုန်းပဲ အခုထိပြောနေကြတုန်းပဲ ။

 

“ဝတ်မှုန်လေးရေ. . .

လေပြေညှင်းဆိုတာ

တိမ်စိုင်ကိုသာမဟုတ်ဘူး

မြေမှုန်ကိုလည်းနမ်းတယ်ကွဲ့။           ။”