နင်တစ်ဝက်ငါတစ်ဝက်နဲ့ငါတစ်ဝက်နင်တစ်ဝက်ထမ်းထားတဲ့ကောင်းကင်
မနက်ဖြန်ကို မနက်ဖြန်လို့မမြင်ခင်ကတည်းက
နင့်ကို ငါ့်ရဲ့တစ်ဝက်တစ်ခြမ်းလို့ ငါမြင်တတ်ခဲ့တာ
မိသုနြေ္ဒရေ. . . ခုတော့
မိုးကတောင် ငါ့ကိုတစ်ဝက်ပဲစိုအောင်ရွာတယ်။
တိမ်အသေတွေပါလားမိသုနြေ္ဒ
ဟိုးမှာ. . ဟိုး. . . . .မှာ လေ
ခပ်နိမ့်နိမ့် သေနေကြတာကွယ်
လေပြေဟာတောင် သူတို့နဲ့မဆိုင်လိုက်သလိုပါပဲ။
နင်မေ့ထားလိုက်တာလားမိသုနြေ္ဒ
နင်က ငါတစ်ဝက်နဲ့ နင်ဖြစ်သလို
ငါကလည်း နင်တစ်ဝက်နဲ့ငါဖြစ်နေခဲ့တာ
တကယ်ဆိုတော့ ငါတို့ဟာ
တစ်ယောက်စီရဲ့ ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေပါ။
ကျောက်ခေတ်လူသားက
မီးကိုရှာဖွေတွေ့ရှိသလိုမျိုး
ကန္တာရက စမ်းချောင်းကိုရှာဖွေတွေ့လိုက်သလိုမျိုး
မီးခိုးတန်းက ကောင်းကင်ကိုရှာဖွေတွေ့ရှိလိုက်သလိုမျိုး
ငါနင့်ကိုရှာဖွေတွေ့လာခဲ့တာပါ မိသုနြေ္ဒ ။
တရွေ့ရွေ့ . . .
တ. . . ရွေ့ . . . ရွေ့ . . . ရွေ့ နေ
မုန်တိုင်းမှာ ပန်းတွေပွင့်လာတယ်မိသုနြေ္ဒ
မုန်တိုင်းကပန်းတွေသယ်လာတာမဟုတ်ဘူးနော်
မုန်တိုင်းမှာ ပန်းတွေပွင့်လာကြတာ ။
ဖြည်းဖြည်းပဲသွားပါ
ခလုတ်တွေတိုက်မိနေဦးမယ်
နင့်နောက်ကလိုက်မလာသလို
နင့်ကိုလဲဆွဲမထားပါဘူး မိသုနြေ္ဒရယ်။
သွားတော့နော်. . .
မနက်ဖြန်ဟာ မနက်ဖြန်မဖြစ်ခင်မှာ
ငါတစ်ဝက်ဟာနင်ဖြစ်လျက်ပါသွား
နင်တစ်ဝက်က ငါ့ဆီကထွက်သွားကြ. . . . . . . . .။ ။