Sunday, November 29, 2009

မမညနေပျို

မိုးချုပ်တော့မယ်

ပုစွန်တောင်မြို့ကလေးကြားဖို့

ဘယ်လိုဘာသာဗေဒတွေလိုသလဲ မမညနေပျို ။

စစ်တလင်းမရောက်ခင်မှာ

မြှားတွေအငွေ့ပျံသွားခဲ့ရ

ကောင်းကင်ကလည်း

တေးသံတွေ ဖြန့်ချထားခဲ့တယ်။

ဖြစ်နိုင်ရင်လေ. . .

မမရဲ့ ဖု(တ်)ချိန်းလေးလိုပဲ

ကျနော်အမြဲ တွယ်ကပ်နေချင်လိုက်တာ။

မမက. . .

ဓားသွားတစ်ဖက် ၊ သံလွင်တစ်ခက်နဲ့

ဘယ်ဘက်က တိုင်းပြည်ကိုသိမ်းပိုက်

ကျနော် သိသိကြီးနဲ့ အငိုက်မိခံလိုက်သူပေါ့။

နေရှိရာ ဦးခိုက်တဲ့ နေကြာပင်တွေလို

ကျနော့်ကို ခစားခွင့်ပြုပါ မမညနေပျို

သရုပ်တူမှာတော့ မဟုတ်ဘူး

ကျနော်ကလည်း သဏ္ဍာန် လုပ်ခဲ့တာမဟုတ်ဘူးလေ။

ခုဆို. . . ဂျစ်ပစီလေးရဲ့ညနေတွေမှာ

မမရဲ့ ရနံ့တွေပါလာတတ်ပြီ

အပျံကောင်းတဲ့ ငှက်ခါး

နားခွင့်ပြုပါတော့ မမညနေပျို

ကမ်းနားသစ်ပင်ဟာလဲ

အမြစ်ခိုင်ချင်နေရှာပါပြီ ၊၊

ကျွန်တော့်ကို နားခွင့်ပြုပါ

မ . မ . ည  . နေ  . ပျို  ၊၊              ၊၊