မြူခိုးတွေဖယ်ကြည့်မှ
မသက်ဝေကို ကျနော်တွေ့ရတယ်
နတ်သက်ကြွေသံသံ သဲ့သဲ့အဆုံးမှာ
နတ်သမီးဟာ ရှေ့တည့်တည့်ပြုတ်ကျလာခဲ့သလားလေ
ကျနော်က မသက်ဝေရဲ့ ကံတရားနဲ့ လူဖြစ်တယ်
ကျနော့်ကိုမသက်ဝေပိုင်သလောက်တောင်
ကျနော့်ကိုကျနော်မပိုင်ဘူး
မသက်ဝေက ကဗျာရွတ်တဲ့အခါ
ကျနော်က ယိမ်းနွဲ့ပြမယ်
မသက်ဝေက ကျိန်စာရွတ်တဲ့အခါ
ကျနော်က သေဆုံးပြမယ်
ကျနော်က စမ်းချောင်းလိုစီးတဲ့အခါ
မသက်ဝေက ပန်းကလေးလို မျောပါ
ကျနော်က လေပြေလိုတိုက်တဲ့အခါ
မသက်ဝေက ရွက်စိမ်းလေးလို ‘က’ ပါ
ကျနော်က စောင်းလေးတစ်လက်ဖြစ်တဲ့အခါ
ကျနော့်ကို မသက်ဝေက တီးခတ်ပေးပါ
အန္ဓလေးရဲ့အိပ်မက်တစ်လွှာကို
လက်အစုံနဲ့ ဖြန့်ကျက်မိုးပေးပါ
ဆင်တိုးလို့ တောအုပ်လေးကန်းသွားတဲ့အခါ
မသက်ဝေက ကျနော့်ကို ပြန်စိုက်ပျိုးပါ
လာပါ မသက်ဝေ
နဂါးငွေ့တန်းကိုဖမ်းဆွဲ
စိတ်ကူးထဲတောင် မရှိခဲ့ဖူးတဲ့နေရာကို
. . . သွားမယ်
ဝတ်မှုန်လေးတွေမကြားစေနဲ့
ပန်းကလေးဆီကတတ်လာတဲ့ ရနံ့ဘာသာ
နှစ်ကိုယ်စာကြားရုံလေး
ရွတ် ဖတ် ပြ မယ် ။ ။