Sunday, November 29, 2009

နှင်းဆီတွေနဲ့ ယက်တဲ့ဧပရာယ်

နှုတ်ဆက်လိုက်ကြစို့ဧပရာယ်
တစ်ယောက်တစ်ရစ်
ခြစ်ခဲ့မိတဲ့ ကြက်ခြေခတ်တွေပဲ
ဘယ်သူမှထူးပြီး မှန်မလာတော့ဘူး ။

သွေးပွင့်တွေပါဧပရာယ်
တစ်ယောက်တစ်ခြမ်းကွဲခဲ့ကြတာပဲ
ဘယ်ရင်ဘတ်မှ ပိုမနာခဲ့ပါဘူး ။

ဒီလိုပဲပေါ့ဧပရာယ်
နင်လည်းငါ့လို ၊ ငါလည်းနင့်လို
တစ်ယောက်ကိုတစ်ယောက်
မာနနဲ့ပေါက်တမ်း ကစားမိခဲ့တာကိုး ။

ဒီခြုံလွှာကို လွှမ်းပါဧပရာယ်
နှင်းဆီတို့ရဲ့ကျမ်းစာမှာ
နင် ဘိသိတ်ခံယူလိုက်ပါ
ငါ. . . ကဗျာတစ်ပုဒ်ရွတ်နေတယ် ။

နင်မသိလိုက်တဲ့ မိုးရာသီလေ
မခို့တရို့လေးရွာနေတယ်
နင်ကြည့်ပါ ၊ သိပါ ဧပရာယ်
အဲဒီ ပြည်လမ်းမက
လွမ်းနေရတဲ့ ကားဂိတ်လေးကိုပေါ့

ဒါပါပဲ ဧပရာယ်
တို့နှစ်ယောက်ကိုက
တစ်ယောက်တစ်ရစ်
ကြက်ခြေခတ်တွေ ခြစ်ခဲ့မိကြတယ်. . . ။ ။