Sunday, November 29, 2009

နှင်းဆီရုပ်ကြွင်း

နက်မှောင်မှောင် ကျမ်းစာတစ်အုပ်မှာ
မော်ကွန်းတင်ခံချင်တဲ့လူမိုက်
ဓါးကျိုးတစ်လက်နဲ့
ကိုယ့်ကိုကိုယ် ပြန်ထိုးစိုက်လိုက်တယ်။

အစိမ်းရောင်ပန်းချီကားထဲက
ချစ်ရပါသောနှင်းဆီမလေး
ခရမ်းရောင် မြူခိုးတွေရဲ့နောက်မှာ
ကျနော့်ကိုကျောပေးလို့. . .

ဖြူလွနုစင်သော
အပြုံးလေးတစ်ပွင့်က
ဗိုလ်ခြေတစ်ထောင်ကို
လက်နက်ချစေခဲ့တယ်။

သွားပါလေ . . . သွားလိုက်ပါ
အရှုံးပေးတတ်တဲ့ ပျော့ညံ့ညံ့ကောင်မှာ
မင်းကိုပေးစရာ
ကဗျာတစ်ပုဒ်သာ ရှိနေခဲ့တယ်။

ရေပြင်ပေါ်ကလရိပ်ကိုမှ
ကွန်ပစ်ချင်တဲ့တံငါသည်
အရုဏ်မတက်မီ
လှည့်ပြန်ခဲ့ပါတယ်။

တကယ်တော့ နှင်းဆီမလေးရယ်
မင်းပြောခဲ့တဲ့
အနီရောင်မျက်ရည်စက်တွေအကြောင်း
ငါ ကောင်းကောင်းနားမလည်တတ်သေးဘူး။

ပွင့်စရာမကျန်တော့တဲ့ပျိုးခင်းအိုအတွက်
လွမ်းဆွတ်ခွင့်လေး . . .
မူပိုင်ပေးသနားတော်မူပါကွယ်။

ခြောက်သွေ့သွားတဲ့
စွယ်တော်အို တစ်ခြမ်းပဲ့လေးက
ခုတော့ . . . ကိုယ့်ကိုကိုယ်
ကြွေမှန်းသိခဲ့ပါပြီ။

ပန်းပွင့်လေးကိုနားမလည်ပဲ
ဝတ်မှုန်ခူးချင်တဲ့ကောင်
ရင်ဘတ်တစ်ခြမ်းလုံး
လှိုက်လှိုက်မြေ့မြေ့လောင်လို့. . .

မှော်ဆရာရဲ့ရှေ့မှောက်မှာ
ယဇ်ပူဇော်ခံခံရဖို့အတွက်
သက်ပြင်းတစ်ရှိုက်နဲ့
မီးတောင်တွေဖြာဝေစေလိုက်တယ်။

ပြာလဲ့လဲ့ ကခြေသည်တို့ရဲ့တေးသွား
နှင်းဆီမလေးနှုတ်ဖျားမှာ
ညှင်းသွဲ့လှိုက်စားနေခဲ့ပြီ။

မသနားပါနဲ့ နှင်းဆီမလေးရေ
ကိုယ်က
ပန်းနုရောင်ဆူးတွေမှာ
အဆိပ်သင့်ခဲ့ရသူပါ။

ဒီပွဲတော်ညမှာပဲ
ိကိုယ့်ကို. . .
ရနံ့ချိုချိုတွေနဲ့တုတ်နှောင်ပြီး
အပြီးတိုင် သေဆုံးစေလိုက်ပါတော့ကွယ်။

နောင်လာမယ့်ပြက္ခဒိန်တွေထဲမှာ
နှင်းဆီဆိပ်သင့်ခဲ့ဖူးတဲ့
စွယ်တော်ရွက်တစ်ခြမ်းပဲ့လေးကို
နှင်းဆီမလေး မေ့သွားတော့မှာပါကွယ်။