Sunday, November 29, 2009

အညတြတစ်ကောင်၏ တိတ်တဆိတ်ကျရှူံးခြင်း

အညတြတစ်ကောင်၏ တိတ်တဆိတ်ကျရှူံးခြင်း

တက်တွေကိုပြိုင်တူခတ်ကြရင်းနဲ့ ကမ်းဘက်ကိုထိုးကပ်လိုက်တယ်။ လှော်သွားကြပါ။ ကိုယ့်ပင်လယ်ကိုယ် ရေလောင်းပေါင်းသင်လိုက်ပါဦးမယ်။ ဘောင်ဘင်မခတ်ပါဘူးဆိုမှ ဘာမှမရှိတဲ့အိုးထဲကို ခြေဆေးချင်ကြတယ်။ အနတ္တတွေကြားထဲမြုပ်သွားရတဲ့ အညတြသုညတစ်လုံးရဲ့ဈာပနကို သိုးမည်းတစ်ကောင်နဲ့ ရုပ်သေးတစ်ရုပ်တို့ ပို့ဆောင်ခဲ့ကြပါတယ်

မီးတောက်တွေခပ်ထုတ်ပစ်လိုက်သလိုမျိုး
ပိုးဖလံဟာတောင်ပံတွေတဖြုတ်ဖြုတ်ကြွေလို့
ငါ့ဝိဥာဉ်ရဲ့ကျိန်စာတံခါးကို
နှုတ်ဖျားတွေကဆွဲဖွင့်လိုက်တယ်
ငါ့ကိုလောင်တိုက်မသွင်းပဲ သင်္ဂြိုဟ်ပေးပါ
ပြာတွေတောင်လွင့်မလာစေနဲ့

ထီအပေါ်ကကောင်းကင်ကို ၀ါးမြိုနိုင်ချိန်မှ
ငါ့လက်တွေလမ်းလျှောက်ထွက်ကြမယ်
အဆိပ်သင့်ဖိနပ်တစ်ရံလို
အသံတွေငုံ့လျှိုးထားလိုက်
အခိုက်အတန့်တော့
သေးဆုံးပစ်မိတယ်

ရေမစီးလို့မရွေ့တဲ့လှေကိုမှ
ကံဆိုးသူမဲချ ချင်ကြတယ်
ရောက်လေရာမိုးတွေသည်းနေခဲ့
ငါ့ရဲ့ကြာသပတေးနံမလေးရေ
သန်းခေါင်ထက်နက်ခဲ့သူအတွက်
ပန်းတစ်စည်းတောင်လာမချနဲ့ကွယ်

ဟောဒီတစပြင်ထဲမှာ
တစ်ခါကရူးသွပ်ခဲဖူးသူကိုမြှုပ်နှံလိုက်ကြ
အဖြူရောင်အုတ်ဂူတစ်လုံးအပေါ်မှာ
ငှက်ဆိုးတို့ပျံဝဲကြစေ
တေလေတစ်ကောင်ရဲ့ရုပ်ကြွင်းဟာ
မြေကြီးနဲ့အင်းဆက်တွေအတွက်အဟာရဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်

ငါ့ရဲ့ကမ္ဗည်းတိုင်မှာ
ဘာတွေမှထွင်းထုမပေးပါနဲ့လေ
လူတွေမသိတဲ့သေဆုံးခြင်းမျိုးနဲ့
ငါဟာတစ္ဆေတစ်ကောင်ဖြစ်ချင်ဖြစ်သွားမယ်
ဘယ်သူမှမသိပါစေနဲ့ကွယ်
ဒီပင်လယ်မှာငါကျရှုံးခဲ့တယ်ဆိုတာလေ.............................

(ရိုးရာ)


သေဆုံးသွားသူ၏ ဈာပနာသို့ ...

စုန်းတကောင်ရဲ့ နောက်ကျောမှာ
သံလျှပ်ထက်မြတ်တဲ့ နှုတ်ဆက်ခြင်း
တစ်ဘ၀လုံးစာအတွက် ...
ဒီတစ်ဘ၀လုံးစာအတွက် .. ဦးနှောက်မဲ့မယ် ...
သေခြင်းတရား ၊ ပန်းတပွင့်နဲ့ အတ္ထုပတ္တိတို့သွားရာဆီ ...

တချိန်တည်း ပွင့်လာပြီး
တချိန်တည်း သေဆုံးသွားခဲ့
မီးတောက်ကို ကိုင် .. မြဲမြဲကိုင်ထား
မမြင်နိုင်ပဲ မကြည့်နဲ့တော့ ...

လူသေတစ်ကောင်အတွက်
ဘယ်စကားလုံးတွေက အကောင်းဆုံးဝါးမြိုတောင်လောင်နိုင်မလဲလို့ ...

နှုတ်ထွက်စကားရွတ်နေတာ ...
ဘယ်မလဲ မြို့တော်...

ငါရောက်လာပြီ ...
အရိုင်းပြတ်တောထဲမှာ ပြောင်းပြန်လျှောက်ပြရင်း...

မောလှပြီ ... မောလှပြီ ...
တန်ဖိုးကြီး ပန်းချီကားဘောင်တခုထဲက ငါ ...
တန်ဖိုးအရှိဆုံးအပြုံးနဲ့ပေါ့ ...

နောက်ဆုံးအကြိမ်သေဆုံးမိခြင်း...
ပန်းတွေပွင့်လာသံကို နားမထောင်မိခင် ...
ပင်လယ်ကို ငေးကြည့်ခွင့်မရတော့ခင်...
အနောက်ဘက်ဝင်တဲ့ နေ၀င်ချိန်ကို မမြင်ရတော့ခင်...
ငါနှုတ်ထွက်တယ် ....
ဘယ်လိုဘာသာစကားမျိုးနဲ့မှ မကျွမ်းကျင်ခဲ့သူ ..
ဒီတခါလဲ ...
ငါ ...
ကျဆုံးခဲ့ရလိမ့်မယ် ...
အပုပ်နံ့ထွက်နေတဲ့ အုတ်ဂူဖြူဖြူတွေ ..
ငါ့အတွက် .. ငါ့ကဗျာအတွက် ... ငါ့ချစ်သူတွေ ..
မသေသေးသော ... ဆေးဆိုးပန်းရိုက်
ရေခဲမျက်နှာပြင်အတွက် ...
ဘယ်သူတွေလာပြီး ...
ငို... ချင်း ... ချ ... နေ ..ကြ ..မှာ...လဲ ...
လေသံထွက်ပြီးတော့တောင် မပြုံးလိုက်နဲ့ ...

ငါ့က အနှစ်သာရမရှိတော့တဲ့ .. လူ ..
ုမြင်ဖူး ..ကြားဖူးကျမှာပေါ့ ...
အညွှန့်မရှိတဲ့ ပန်းဖူးပွင့်မှာ ...
အိပ်မက်တွေ... လေ... မတိုက်ပဲ ...
အလဟပ်သပ် လာပွင့်တယ် ...
(ရုပ်သေး)

ကမ္မည်းမော်ကွန်းတင်ခြင်း ၊

သူကောင်းပြုခံရခြင်း တို့ကင်းမဲ့သော
ငါကိုယ်တိုင် မသိလိုက်တဲ့ ငါ့အရှုံး ။

ထွန်ယက်စမှ ရိတ်သိမ်ပြီးသည်အထိ
ငါခုတ်မောင်းတဲ့ ငါ့မီးတောက်တို့
အမှတ်တမဲ့လေးတောင် မျက်နှာမငယ်စေခဲ့ဘူး ။

အနီရောင်လွှမ်းတဲ့ ခန်းမဆောင်မှာ
တလှမ်းချင်း ၀င့်ကြွားကြွားလျှောက်
ပလ္လင်တော်ထက်က ရွှေခွက်နဲ့မှ
ငါ့ လက်အစုံကို ဆေးကြောသန့်စင်မယ် ။

သံချေးတက် အညစ်အကြေးတို့ကို
တခုတ်တယ ထုဆစ်မွမ်းမံ ၊
ယိုင်နဲ့နဲ့ ပတ်ကြားအက်တွေထဲ
မျက်စိလည် လမ်းမမှားရအောင်
ငါ့ကိုယ်ငါ မီးအိမ်ပြု ၊
ငါ့အလင်းတွေနဲ့ ထွန်းညှိမယ် ။


ငါကိုယ်တိုင် မောင်းသွင်းလာတဲ့ ရထားတစင်း
ခွာရာနက်နက်မတူးမိခင်
မြို့ ရိုးပျက်ဆီက အငွေ့လွင့်လွင့်တွေနဲ့
စည်းပြင်တော့ တွန်းမထုတ်လိုက်နဲ့ ။
................... မထုတ်လိုက်ကြနဲ့ ။

ဝင်ရိုးပြတ် သုညတို့၏ လားရာ ၊
ကောက်ရိုးမီးတောက်တို့ ပျော်စံရာ ၊
အယုံသွင်းရာ လျှောက်ခဲ့မိရင်း
ခြေရာတွေ ..... ခြေရာတွေ .....
နေရာမှားသွားခဲ့တယ် ။

ငါ့ကိုယ်ငါ ဘောင် ခဏ ခတ်ကြည့်မယ် ။
မြင်ဖူးသမျှအလင်းတွေ
ပူလား ၊ အေးလား သိရအောင် ။

သိပ်တော့ မကွာလောက်ပါဘူး ။
ခေါင်း နဲ့ ပန်း ၊ ဘယ် နဲ့ ညာ
( ငါ ..... ဘေးရှောင်နေတဲ့ ၀တ်ပြုပွဲ )
တခါမှ မဆိုင်ခဲ့ဖူးသလို နေလိုက်မယ် ။

မြက်ရိုင်းဘာသာနဲ့ အရိပ်တွေစီထား
ဒီညနေအို မကွဲပြားခင်ထိ
ဒီပြာအက်အက်တေးသွားတွေကို
ငါ ..... တီးမယ် .....
ငါ ..... တီးခတ်မယ် .....
ငါ့ကိုယ်ငါ ကျဆုံးသည်ထိ
ငါ ..... တီးခတ်မယ် .....
(သိုးမည်း)

နောက်ဆုံးကဗျာ