Sunday, November 29, 2009

လရောင်တေးသွား

အဲဒီညဟာ
တေးသွားတစ်ပိုဒ်နဲ့
တစ်မိုးလုံး အုံ့မှိုင်းပစ်လိုက်တဲ့ ညဖြစ်တယ်

ချစ်သူဆိုတာ ငါ့အတွက်
အဆိပ်တွေနဲ့ အသက်သွင်းထားတဲ့
မှော်ဝင်ဆူးတစ်ချောင်းပေါ့

နှင်းဆီဝါရေ
နှင်းဆီဝါ
နှင်းဆီဝါ
ငါ့ကို ဖြည်းဖြည်းလေး ယိုင်လဲသွားရုံ
အုံဖွဲ့ သင်းပျံ့ပေးစမ်းပါ

အဖြူရောင်ပန်းတွေပွင့်တိုင်းလည်း
ငါ လွမ်းဆဲပဲ
နှင်းဆီဝါရေ

ဒီလိုပါပဲလေ
. . . . .
. . . . .
. . . . .
လရောင်ကိုသိုင်းငွေ့ဖွဲ့ခြုံ
လွမ်းခွင့်ကို မကြုံချင်ခဲ့ဘူး

မင်းသိရဲ့လားနှင်းဆီဝါရယ်
ဥယျာဉ်မှူးကချစ်တယ်ဆိုတာ
ငါမုန်းသလောက်သာရှိပါတယ်

ဒါပေမယ့်လေ
ပန်းတစ်ပွင့်အတွက်စစ်ပွဲမှာ
ငါ သူရဲကောင်းမဖြစ်ချင်ခဲ့ဘူးကွယ်

သက္ကရာဇ်တွေကိုသာ
ပြန်တည်ဆောက်ခွင့်ရမယ်ဆိုရင်
အဲဒီပြက္ကဒိန်မှာ
စနေတွေမပါစေချင်ဘူး

ဒါကြောင့် ငါ
မြို့ပျက်တစ်ခုကို
တည်ထောင်ခဲ့ပါတယ်
ချစ်သောနှင်းဆီဝါလေးရယ်

ပြဿဒါးရက်တွေရောက်တိုင်း
တံတိုင်းတွေကိုကျောပေး
သီချင်းလေညည်းနေမိတယ်

. . . . . .
. . . . . .
. . . . . .
ကဗျာတစ်ရွက်မှာ
နေ၀င်နေထွက်တိုင်းလည်း
ငါ ၀င်လွမ်းမိနေတုန်းပဲ နှင်းဆီဝါရယ်

လရောင်တစ်ရှိုက်နဲ့
မင်းစိုက်ခဲ့တဲ့ ပန်းပင်လယ်ထဲမှာ
ငါ့ကို မြှုပ်နှံလိုက်ပါတော့

နှင်းဆီဝါရေ
ငါ့ရဲ့နှင်းဆီဝါရေ
ငါချစ်ရတဲ့ နှင်းဆီဝါရေ
တိတ်ဆိတ်စွာ လှည့်ထွက်
နှုတ်မဆက်ပဲ ဝေးလိုက်ကြပါစို့

သူရူးတစ်ယောက်ရဲ့
ထွက်သက်ဝင်သက်မှာ
မင်းအမည်ကို ဖွဖွရွတ်ဆိုနေကြတယ်
“. . . ” “. . . ” “. . . ”
“. . . ” “. . . ” “. . . ”
“. . . ” “. . . ” “. . . ”

လရိပ်အကွယ်အောက်က
စွယ်တော်အိုလေးရဲ့တေးသွား
နှင်းဆီဝါလေး
ကြားနိုင်ပါစေကွယ်

ဒါပေမယ့်
ကြားခံမဲ့ လေဟာနယ်မှာ
ငါဟာ ပဲ့တင်တောင်မထပ်နိုင်သူပါ

မြူမှုန်အလင်းများ
ဖြတ်သန်းသွားခွင့်မရှိသောနယ်နိမိတ်မှာ
တံခါးတွေအလုံပိတ်
ဒဏ်ရာတွေကို ချော့သိပ်ထားလိုက်ရဲ့

“ပုံပြင်လေးကတော့ ဒါပါပဲကွယ်”
ကားလိပ်အချမှာ
ငါနဲ့နှင်းဆီဝါလေး
သံယောဇဉ်တစ်ခုစာ
ဝေး. . . ဝေး. . . ဝေး . . . လို့