Monday, November 30, 2009

နှင်းသေသွားတဲ့ဆောင်း

 မြူခိုးတွေဖယ်ကြည့်မှ
မသက်ဝေကို ကျနော်တွေ့ရတယ်
နတ်သက်ကြွေသံသံ သဲ့သဲ့အဆုံးမှာ
နတ်သမီးဟာ ရှေ့တည့်တည့်ပြုတ်ကျလာခဲ့သလားလေ

 

 

သွေးကြောများ ပြတ်ရွှေ့ပွင့်ကွဲသွားသံကို ကြားလိုက်ရသည်ဟု ထင်မိသောနံနက်ခင်းက

ကျနော့်ခေါင်းအုံးလေး ငိုသည်။ မသက်ဝေရှိရာသို့ ရောက်အောင်မသွားနိုင်ဟု ထင်မိသောနေ့က

ကျနော့်ဖိနပ်လေး ငိုသည်။ မသက်ဝေ ကျနော့်ကိုစိတ်ဆိုးသွားသည်ဟု ထင်မိသောညက

ကျနော့်ဘောပင်လေးငိုသည်။မသက်ဝေ ပန်းမပန်တော့ဟု ထင်မိသောတစ်ရက်က ကျနော့်စံပယ်ရုံလေး

ငိုသည်။  . . ငိုသည်။ . . . ငိုကြပါသည်။ မသက်ဝေသည် အချိန်အခါ လိုက် ချဉ်ချင်းတပ်မက်ဖွယ်

ရာသီပေါ်စာမဟုတ်ပါ။ မသက်ဝေသည် အပျင်းပြေရုံ လူကြိုက်များရုံသာ ရိုက်ကူးထား သော

ဗီဒီယိုဇာတ်ကားတစ်ကား မဟုတ်ပါ။ မသက်ဝေသည် နှင်းဆီမြို့ရိုးမှ မိုးရာသီတစ်ခုဖြစ်သည်။ ဘာသာပြန်

ဆိုထားခြင်းမရှိသော နှင်းမြို့သူတစ်ယောက်ဖြစ်သည်။မသက်ဝေကို မသက်ဝေဟု

သိလိုက်ရသောအချိန်က ကာရန်ညီခြင်းနှင့် ကာရံမညီခြင်းကို ကာရံညှိရန် ကြိုးစားခဲ့မိကြောင်း ပြောပြရန်

ကြိုးစားခဲ့ဖူးသည်။ ထိုအချိန်က ကျနော့်အိပ်မက်လေးက မသက်ဝေ. . မသက်ဝေဟုခေါ်နေသောကြောင့်

ကျနော်က ပန်းပွင့်သံများကြားရသည်။မသက်ဝေ၏နှုတ်ခမ်းများပေါ်တွင် ကျနော့်အသက်ရှူသံကို

ကြားချင်သည်။ စက္ကူဖြူနုလေးတစ်ခုပေါ်တွင် မသက်ဝေ၏ စာလုံးပေါင်းများကို ကျနော်ကျဲချခဲ့ဖူးသည်။

ကျနော်က မသက်ဝေ၏ ဆဲလ်တစ်မှုန်ဖြစ်ချင်ခဲ့သည်။ မသက်ဝေ၏  စာလုံးပေါင်းများထဲတွင်

စာလုံးတစ်လုံးအဖြစ်ပါဝင်ချင်ခဲ့သည်။

 

 

ကျနော်က မသက်ဝေရဲ့ ကံတရားနဲ့ လူဖြစ်တယ်

ကျနော့်ကိုမသက်ဝေပိုင်သလောက်တောင်

ကျနော့်ကိုကျနော်မပိုင်ဘူး

 

မသက်ဝေ၏ဆံနွယ်များ နှင်းလိုရွာသောနေ့က ကျနော်က ထီးဆောင်းဖို့မေ့ခဲ့သည်။ ကျနော်ကျဲချခဲ့သော

စာရွက် လေးပေါ်မှ မသက်ဝေ၏အပြာရောင်နာမည်လေးများက ကျနော်နေ့စဉ်ကျက်မှတ်သော

သင်္ခန်းစာတစ်ခုဖြစ်သည်။ လာပါ မသက်ဝေ။ ၀င်လာခဲ့ပါ။ ဖိနပ်ချွတ်ထားခဲ့ပါ။

အရိပ်တွေကိုခေါက်သိမ်းထားခဲ့ပါ။ ထီးဆောင်းခဲ့ပါ။ ရေဘူးဆောင်ခဲ့ပါ။ အသက်ရှူသံချင်း

အလဲအထပ်ပြုကြမည်။ ကျနော်တို့ ကျောချင်းလွှဲပစ်ကြမည်မသက်ဝေ။ ရနံ့များ

သင်းအေးကြည်လှိုင်ပါစေ။ ထိုနေ့များအား တိမ်လွှာကမ်းပါးများတွင် မော်ကွန်းတင်ထားကြမည်။

မသက်ဝေညောင်းလျှင် ကျနော့်ခြေထောက်နှင့်လျှောက်ပါ။ မသက်ဝေမောလျှင်

ကျနော့်အောက်ဆီဂျင်ကိုပါ ရှူပါ။ လိုအပ်ပါသေးလျှင် ကျနော့်ရင်ခုန်နှုန်းကိုယူပြီး

မသက်ဝေအသက်ဆက်ရှင်ပါ။ နှင်းများကျစေသော မန္တာန်တစ်ပိုဒ် ကိုရွတ်ပါမသက်ဝေ။ ဆောင်းရာသီက

မသက်ဝေ၏အသက်သွင်းမှုတွင် နိုးထပါစေ။ မနေ့ကဟု မသက်ဝေကပြော သောအခါ ကျနော်

အတိတ်ကိုသတိရပါသည်။ မနက်ဖြန်ဟု မသက်ဝေက ပြောလာလျှင် ကျနော် အနာဂတ်ကို

စဉ်းစားပါသည်။ မသက်ဝေ၏လက်တစ်ဖက်နှင့် ကျနော့်ကိုညွှန်ပြပါ။ ကျန်လက်တစ်ဖက်ဖြင့် ကျနော့်ကို

ထိန်းကျောင်းပါ။ အလင်းတန်း၏ တခြားတစ်ဘက်သို့ သွားကြရအောင် မသက်ဝေ။

 

ကျွန်တော်သိပါတယ်မသက်ဝေ
လောကမှာမပြောလည်းသိတဲ့အရာကအမှန်တရားတဲ့
ကျွန်တော်ကိုယ်တိုင်တောင်မှ
အတွေးတွေမပိုင်
အိပ်မက်တွေမပိုင်ဘူး
မသက်ဝေကတော့ ကျွန်တော့်ကို
အိပ်မက်အထဲအထိခေါ်ပြီး
ဝေဒနာတွေနဲ့အိပ်မွေ့ချတယ် ။

 

မသက်ဝေကို ခေါ်ပေးပါ. . မသက်ဝေကို ခေါ်ပေးပါဟု မျက်ဝန်းများမှ အကြိမ်ကြိမ်အော်ဟစ်ခဲ့ကြသည်။

မသက်ဝေ ၏ ခြေလှမ်းများ ကြားကြပါစေ။ မိုးချုပ်သွားခြင်းမဟုတ်ပဲ နံနက်ခင်းရှိရာသို့

ခုတ်မောင်းခြင်းဖြစ်သည်ဟု မသက်ဝေ ကပြောသည်။ ကျနော်ကသာ

ခုထိလင်းမလာနိုင်သေးခြင်းဖြစ်သည်။ ခွင့်ပြုပါမသက်ဝေ။ သက်တံ့ကို အညွန့်ခူးဖို့ ခွင့်ပြုပါ။ ရယ်သံများကို

နိမိတ်ဖတ်ဖို့ ခွင့်ပြုပါ။ မိုးမကျမီ စိမ်းလန်းဖို့ခွင့်ပြုပါ။ အိမ်ပြန်ခင် လွမ်းဖို့ခွင့်ပြုပါ မသက်ဝေ။

သွားကြရအောင်မသက်ဝေ။ လာပါ. . .။ ကျနော်တို့နှစ်ဦးတည်းသာ မြင်တွေ့နိုင်မယ့်

ကောင်းကင်မြို့တော်ဆီသွား ကြမည်။ ရနံ့တွေ တေးဆိုနေကြသည်။ လိုက်ခဲ့ပါမသက်ဝေ ။ ကျနော်နဲ့

တစ်ပါတည်းလိုက်ခဲ့ပါ။ မသက်ဝေနှင့်အ တူ ဥယျာဉ်လေးကိုလည်း ခေါ်ခဲ့ပါ။ ကဗျာတွေကိုခေါ်ခဲ့ပါ။ ခေါ်ခဲ့ပါ

၊ မသက်ဝေကိုလည်းခေါ်ခဲ့ပါ။

 

မသက်ဝေ
ဝတ်ကောင်းစားလှတွေဝတ်ပြီး
မနက်ဖြန်တွေတိုင်းမှာ
ကျွန်တော့်ယဉ်ကျေးမှုတွေကို
ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ
ရေးကြီးခွင်ကျယ်ပြောနေတာမဟုတ်ဘူး
ဒါကို
ရီစရာဟာသတစ်ပုဒ်လိုသဘောမထားလိုက်ပါနဲ့

 

ပြီးသွားပါပြီမသက်ဝေ။ အဲဒါတွေပြီးသွားခဲ့ပါပြီ။ ဇာတ်လမ်းက အဲဒီမှာတင်ပြီးတယ်

အစရှိရာသို့ပြန်သွားရန်ခြေ ဦးလှည့်လိုက်ချင်းဖြစ်ပါသည်။ကျနော်နဲ့ မသက်ဝေကြားမှာ

အီကွေတာမျဉ်းတစ်ကြောင်းခြားတယ် ။သွားနှင့်ပါ မသက်ဝေ။ ကျနော်ကတော့ရပ်နေမည်။ မတော်တဆ

ပြန်လှည့်လာခဲ့ပါလျှင် မသက်ဝေနှင့်လွဲချော်ရမည်ကို ကျနော်ကြောက်သည်။ ကျနော်ကတော့

ရပ်လျက်သာနေပါမည်။ ရပ် လျက် သာ နေ ခဲ့ ပါ မည်။ မသက်ဝေနှင့် စကားတွေပြောရန် ထိုနေ့လေးကို

ကျနော်လှမ်းခေါ်မိသည်။ သူရှိရာသို့ ကျနော်မသွားတတ်သောကြောင့် ကျနော်ရှိရာသို့

သူလည်းမလာတတ်ပါ။ ကျနော်တို့သည် လမ်းရှိပါလျက် လမ်းမလျှောက်တတ်သူများဖြစ်ခဲ့ကြ သည်။

သို့နှင့်ပင် ကျနော်သည် မျဉ်းပြိုင်ကို ညီမျှခြင်းဟုမြင်အောင်ကြည့်သော၊ ချောချောမွေ့မွေ့ထစ်ငေါ့နေသော၊

အသွားနှင့်ကမ်းသောဓားကိုမှ ခရီးဦးကြိုပြုခဲ့ရသော၊ လမ်းတစ်ခြမ်းပျောက်သော ၊ မိုးမလွတ်သော 

ခပ်တုံးတုံးငနဲ တစ်ယောက်ဖြစ်ခဲ့သည်။ အသံမပါသောစကားတစ်ခွန်းကို နားထောင်ရန်

ရင်ဘတ်ကိုဖွင့်ထားလိုက်ပါ မသက်ဝေ။ ထို  နေ့  က  နှင်း  များ  သေ  သည်    ထို  နေ့  က  ဆောင်း 

ရာ  သီ  လေး  ငို  သည်   

 

ဒီလိုပဲလေ. . .

လောင်ခန်းသွားတဲမြစ်တစ်စင်းမှာ
လူငယ်တစ်ယောက်ရဲ့အိပ်မက်ထဲက
အထိတ်တလန့်ထွက်ကျလာတဲ့ သက်ပြင်းသံတွေရှိနေပါလိမ့်မယ် မသက်ဝေ။ ။

 

ကဗျာများဖြင့်ကူညီပေးသော ကိုအမည်မဲ့အား အထူးကျေးဇူးတင်ပါသည်။