Sunday, November 29, 2009

လမ်းလျှောက်ထွက်ခြင်း

 

ဒီတစ်ညတော့ အိပ်မပျော်တာနဲ့ပဲ ကျနော် စိတ်ကူးတွေထဲ လမ်းလျှောက်ထွက်မိတယ်…..

(၁)

          ပထမဆုံးတွေ့မိတာကတော့ စစ်ဘုရင် နပိုလီယ ပါ ။ ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ပြီး တစ်ခုခုကို လေးလေးနက်နက် တွေးနေတယ် ။ သူဘာတွေတွေးနေလဲတော့ ကျနော်မသိချင်ပါဘူး ။ (သိချင်လည်းပြောခင်မှပြောမှာကိုး) ဒါပေမဲ့ ကျနော်သိချင်တာကိုတော့မေးကြည့်မိတယ် (ပြောတာ မပြောတာကတော့သူ့အပိုင်းပေါ့လေ)

“နပိုလီယံရေ ခင်ဗျားရဲ့အဘိဓာန်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆို”

သူ ကျနော့်ကို တစ်ချက်လှည့်ကြည့်ပြီး မျက်မှောင်ကျုံ့သွားအောင်ချုံ့လိုက်တယ် ။ ပြီးမှ စဉ်းစားမရလေဟန်နဲ့ ပြန်ဖြေတယ် ။ တစ်ခွန်းထဲပါ

မဖြစ်နိုင်ဘူး

 

(၂)

ကျနော်ဆက်လျှောက်လာတော့ တစ်နေရာအရောက်မှာ စာအုပ်တစ်အုပ်နဲ့ သဲကြီးမဲကြီး တွက်ချက်နေတဲ့ လူတစ်ယောက်ကိုတွေ့တယ် ။ ဘေးမှာလည်း မီးအိမ်ကြီးတစ်လုံးချလို့ ။ ကျနော်သိလိုက်တယ် ဒဒိုင်အောဂျင်းနီ(စ်) ပဲလို့ ။ သူ့ကိုလည်း သိချင်တာလေးတွေမေးရဦးမယ် ။

“ဒိုင်အောဂျင်းနီ(စ်)  ခင်ဗျားကို အလက်ဇန္ဒားက ဘာလိုချင်လည်းမေးတော့ ခင်ဗျားပုစ္ဆာတွေပေါ်ကို အရိပ်ကွယ်လို့ ဘေးကိုနည်းနည်းရွှေ့ပေးပါလို့ ပြောတယ်ဆို ”

“အင်းလေ”

“ဘာလို့လည်းဗျ”

“ငါလိုချင်တာတောင်းတော့ရော သူကပေးမှာတဲ့လား”

“အဲ….”

“ထားလိုက်ပါကွာ တကယ်တော့ဘ၀ဆိုတာ သင်္ချာတစ်ပုဒ်လိုပါပဲ”

“အော် … အဖြေကဘာတဲ့တုန်းဗျ”

“ငါလည်းတွက်တုန်းကွ”

 

(၃)

        သွားရင်းသွားရင်းနဲ့ တစ်နေရာရောက်လာတော့ မြေကြီးပေါ်မှာ တုတ်တစ်ချောင်းနဲ့ရေးခြစ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ စိတ်ဝင်စားလို့ အနားကပ်ကြည့်တော့ သူက ပန်းချီဆွဲနေတာဗျ ။ ကျနော်သူ့ကိုတော့မသိဘူး ။ သိအောင်ဆိုတာမေးမှဖြစ်မှာပေါ့လေ ….

“ခင်ဗျားကဘယ်သူလဲဟင်”

“ငါက လီယိုနာဒိုဒါဗင်ချပါ”

အော် ကမ္ဘာကျော် မိုနာလီဇာရဲ့ ဖခင်ကြီးနဲ့ ကျနော်တွေ့နေတာကိုး ။ ဒါနဲ့ပဲ ကျနော့်စိတ်ထဲမှာ မတင်မကျဖြစ်နေတာတစ်ခုကို မေးလိုက်မိတယ် ။

“ဒါနဲ့ မိုနာလီဇာက ယောင်္ကျားလား မိန်းမလားဗျ”

“ဘာမှမဟုတ်ဘူးကွ”

“ဗျာ”

“ဟုတ်တယ် အဲဒါပန်းချီကားပဲ ဘာမှမဟုတ်ဘူး လူတွေကခက်တယ်ကွာ အနုပညာကို ရာဇ၀င်တွေ သမိုင်းတွေနဲ့ ရောထွေးပစ်ချင်နေတယ်”

“ဘာလို့လည်းဗျ”

“မင်းစဉ်းစားကြည့်လေကွာ သူတို့ခံစားမှာက ပန်းချီရဲ့လက်ရာကိုလား အဲဒီပန်းချီထဲက လူကိုလား”

ဒီတစ်ခါစဉ်းစားရတာက ကျနော်ဖြစ်သွားတယ်…….

 

(၄)

 

 

          ဒါဗင်ချီပေးလိုက်တဲ့အတွေးကို ဆက်တွေးရင်း လျှောက်လာတုန်းမှာပဲ ကျနော် တယောသံလေး ကြားလိုက်ရတယ်။ အော်ရှေ့ခပ်လှမ်းလှမ်းသစ်ပင်အောက်မှာ လူတစ်ယောက် တယောထိုးနေတာကိုး ။ ကျနော်လည်း စပ်စုချင်စိတ်နဲ့သူ့ဆီလျှောက်သွားမိတယ် ။ သူ့အနားဝင်ထိုင်ပြီးတော့ သူ့တယောသံကိုနားထောင်နေလိုက်တယ် ။ တေးသွားတစ်ပိုဒ်ဆုံးတော့ သူကရပ်လိုက်တယ် ။ အဲဒီတော့မှ ကျနော်လည်း သူ့ကိုမိတ်ဆက်ရတော့တယ်……

“မင်္ဂလာပါခင်ဗျာ ခင်ဗျားက ဘယ်သူလဲမသိဘူး”

“ဟုတ်ကဲ့ မင်္ဂလာပါ ကျနော်ကရောမဘုရင် နီရိုး ပါ”

ကျနော်မှတ်မိလိုက်တယ် ။ ရောမမြို့ကြီးမီဟုန်းဟုန်းတောက်နေချိန်မှာတောင် တယောထိုးနေတယ်ဆိုတဲ့ နီရိုး ဘုရင်ပဲလေ ။ သူ့ကိုလည်းမေးကြည့်မိတယ် ။

“ခင်ဗျာက ကိုယ့်တိုင်းပြည်ကြီးမီးဟုန်းဟုန်းတောက်နေတာတောင် ဘာကြောင့် တယောပဲထိုးနေခဲ့တာလည်းဟင်”

“အဲဒါအပြင် ကျနော်ဘာလုပ်ပေးနိုင်မှာမို့လည်းဗျာ”

“အော်”

“တကယ်တော့ ကိုယ်မနိုင်တဲ့ဝန်ဆိုတာ မထမ်းတာပဲကောင်းပါတယ်ဗျာ”

“အင်းလေ……”

 

          ကျနော်လည်း အိပ်ချင်လာလို့ရှေ့မဆက်တော့ပဲ ဒီနေရာကပဲလှည့်ပြန်လာခဲ့ပါတယ်ဗျာ