Sunday, November 29, 2009

ကျနော်နှင့် ကဗျာဆရာများ(သူရဿဝါ)


  • အရင်ဆုံး ကိုယ့်ကိုကိုယ်(ခေါင်းအပါအ၀င်) မိတ်ဆက်ပေးပါ

 

ကို့ကိုကိုရဲ့နာမည်ကိုတော့မသိပါ ။ ကျနော့်နာမည်ကတော့ သူရဿဝါဖြစ်ပါတယ် ။ မိတ်ဆက်လို့ ပြီးပါပြီ ။ မိတ်ထွက်ချင်ရင်တော့ နွေရာသီရောက်လာတာကိုစောင့်ပါ ။ :P

 

  • ကိုသူရိယသ၀ါယာ(အဲ) သူရအသားဝါ (ဟုတ်ပေါင်) သူရဿဝါရေးတဲ့ကဗျာတွေကဘာနဲ့ခံစားပြီးရေးတာလည်းဟင်

 

ကျနော့်နာမည်ကို အဲလို လေးလေးစားစားခေါ်တဲ့အတွက် ကျေးဇူးမတရားတင် ။ ကျနော့်ကဗျာမှန်သမျှ စိတ်ထဲမရိုးမရွဖြစ်မှုကနေစပါတယ်။ အရင်က ကဗျာတွေရေးပြီးရင် ကောင်မလေးအိပ်ခန်းပြတင်းပေါက်ထဲ ပစ်ပစ်ထည့်တိုင်း သူ့အဖေ တရုတ်ကြီးကိုပဲသွားသွားမှန်တဲ့အတွက် “တရုတ်မှန်”ဖြစ်ပါတယ်။

ခုတော့. . . ဒန်ဖြစ်နေပါပြီ။ ဒန်တွေအားလုံးထဲမှာတော့ ဒန်ပေါက်ကိုခံစားရတာ အကြိုက်ဆုံးပါပဲ။

 

  • ဟုတ်ပါပြီ. . . ခုလိုအွန်လိုင်းမှာရေးတာနဲ့ အောက်လိုင်း(အဲ) ပြင်ပမှာရေးရတာ ဘာတွေများကွာခြားပါသလဲ

 

အောက်လိုင်းမှာရေးရတာ ဘောပင်နဲ့ရေးရတာမို့ လက်သိပ်ညောင်းပါတယ်။ အွန်လိုင်းမှာရေးတာက ပိုဆိုးပါတယ်။ ကီးဘုတ်နဲ့ရိုက်ရတာမို့ လက်အသားမာတက်ပါတယ်။ မျက်လုံးအားစိုက်ရလို့ မျက်လုံးပျက်ပါတယ်။ အင်တာနက်ဖိုး ပိုက်ဆံသုံးရလို့ “ထွက်”ပါတယ်။

 

  • သူရဿဝါဆိုတဲ့ နာမည်တစ်လုံးရဖို့ ဘယ်ဗေဒင်ဆရာနဲ့ ကင်ပွန်းတပ်(မှားပြန်ပြီ) ဘယ်လောက်အားထုတ်ခဲ့ရပါသလဲ

 

အားထုတ်ရမှာကြောက်လို့ အုပ်ထားပါတယ်။ အယ်. . .သေပြီ။ ကဗျာရေးပြီးတာနဲ့အရင်ဆုံး သူငယ်ချင်းကို အတင်းပေးဖတ်ပါတယ်။ ပြီးတာနဲ့ မေးပါတယ် “ဘယ်သူလေးရေးတာလဲ” “ကိုသူရဿဝါ” ပါ။ နောက်တစ်ဆင့် ကလေးတွေကိုပေးဖတ်ပါတယ်။ ထပ်မေးပါတယ် “ဘယ်သူလေးရေးထားတာတုန်း” “ဦးတူရတ၀ါ” ပါ။ ဒီနည်းနဲ့ လူပြောသူပြောများလာပါတယ်။

 

  • ခုချိန်များ ပုရွက်ဆိတ်တစ်ကောင်သတ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနည်းနဲ့သတ်ချင်ပါသလဲ

 

အရင်ဆုံး ညင်ညင်သာသာလေး ဖနောင့်နဲ့ပေါက်သတ်ပါ့မယ်။ သေမသေစမ်းကြည့်ပြီး တကယ်သေတော့မှ နောက်တစ်ခေါက်ထပ်သတ်ပါ့မယ် L

 

  • အိုဘားမားနဲ့အတင်းပါးစပ်ဆုံ အုပ်ခွင့်ရမယ်ဆိုရင် ဘယ်သူ့အကြောင်းကို ပထမဦးစားပေး အုပ်ချင်ပါသလဲ

 

အတင်းမအုပ်ပါဘူး။ အချွန်နဲ့မမှာ “ဒီမယ်အိုဘားမား . . . ခင်ဗျားရဲ့ဇနီးကို ကျုပ်သူငယ်ချင်း ရိုးရာနဲ့ချိန်းတွေ့နေတာ ရပ်တန်းကရပ်ခိုင်းပါလို့ ” အဲလို တစ်ခွန်းတည်းပြောပစ်လိုက်မှာ။

 

  • ချစ်သူကိုဘယ်အချိန်မှာ “အာဝါးရှလူး” ချင်လဲ

 

ဟီး. . . ဟိ. . . မနက်စတွေ့ကတည်းက ပြန်ခါနီးအချိန်ထိပေါ့။ ကိုရီးယားလို “ဆွာဆရဲ” ပဲ။ စပယ်ယာတွေအော်သလိုဆို “ဆွဲ. . .ဆရာ” ပဲ။

 

  • ဂျနီဖာလိုပက်ဇ်ကများ မျက်စပစ်ပြခဲ့ရင်. . .

 

အောင်မှာ ဘယ်ရမလဲ အားကျမခံ မျက်စောင်းလေးထိုးပြီး နှုတ်ခမ်းထော်ပြလိုက်မှာပေါ့။

 

  • လမ်းပေါ်မှာ ရှောက်သီးဆေးပြားရောင်းရတော့မယ်ဆိုရင် ဘယ်သီချင်းလေးဆိုပြီးရောင်းချင်လဲ

 

ကိုယ်တိုင်မရောင်းဘူးတော့မသိပါဘူး။ ကိုရိုးရာကြီးရောင်းတုန်းကတော့ ဘေးကနေ လက်ခုပ်တီးပြီးစည်းချက်လိုက်ပေးဖူးပါတယ်။ “ဘုရားဖူးတွေ လာနေပြီသားရေ” လို့လည်း အားပေးဖူးပါတယ်။ သူ့ကိုသွားမေးကြည့်လိုက်ဦးမယ်။

 

  • ချစ်သူတစ်ကိုယ်လုံးမှာ အချစ်ဆုံးနေရာလေး (ဟိတ်လူ လွတ်အောင်ဖြေ နှုတ်ခမ်းလေးတွေပြောပါတယ်)

 

ကုကျု. . ကုကျု တွေပါလာပြီ။ သူ့တစ်ကိုယ်လုံးမှာ. . . အင်း. . .တစ်ကိုယ်လုံးမှာ. . . ကုကျု. . ကုကျုတွေပေါ့ကွယ် (ခါးတို့တာကိုပြောတာနော်):D

 

  • အားပါးတရရယ်ရမယ်ဆိုရင် ဘယ်လိုရယ်ချင်လဲ

 

အားပါးတရရယ်တယ်ဆိုမှတော့ အဟေးဟေးဟေးဟေးဟေးဟေး ဟွင်းဟွင်းပေါ့ဗျာ။

 

  • ကဗျာကို ဘယ်လိုသဘောထားလဲ

 

ရေးတဲ့ကဗျာဆိုရင်တော့ . . ၊ ကိုယ်ပိုင်တဲ့ပစ္စည်းလို့ပဲ သဘောထားပါတယ်။ ဟိုကဗျာဆိုရင်တော့ “ငပေါမလေး” ပေါ့

 

  • ကိုယ့်ကိုကိုယ် (မျက်စိနဲ့) ဘယ်လိုမြင်လဲ

 

(မှန်အကူအညီမပါပဲဆိုရင်) ငုံ့ကြည့်ပြီး ခေါင်းမပါတဲ့ကောင်ကြီးလို့ပဲမြင်တယ်. . .ကြောက်တယ်။

 

  • လူမသိ သူမသိ ရင်ခုန်ခဲ့ရတဲ့အချိန်လေးများရှိရင် ပြောပြပါလား

 

မုန့်ဟင်းခါးနှစ်ပွဲလောက် စားထားတဲ့အချိန်ပေါ့ . . . ရင်ခုန်လိုက်တာလေ. . . ဘယ်အချိန်ထွက်ကျမလဲ . . . လို့

 

  • လူကြားသူကြားမှာလေလည်ရတော့မယ်ဆိုရင် ဘာပြောချင်လဲ

 

“သူလာလည်ရင် ခင်ဗျားတို့ ကောင်းကောင်းမွန်မွန် ဧည့်ခံမှာလားဟင်”

 

  • အကြိုက်ဆုံးကဗျာလေးတစ်ပိုဒ်လောက်ရွတ်ပြပါလား

 

မင်းစိုမှာစိုးလို့

မိုးပေးချင်တာတောင်

ကိုယ့်မှာ. . .

ထီးတစ်လက်မရှိပါကွယ်

 

  • ခုလိုပေါကြား(အဲ)ပြောကြားပေးတဲ့ ကိုသူရဿဝါကို ခွေးရှူးတိုက်ချင်(မှားပြန်ပြီ) ကျေးဇူးတင်ပါတယ်