Sunday, November 29, 2009

ငါမသိပဲ မိုးတွေရွာသွားတယ်. . . မကြည်ဖြူ

မိုးရွာသွားတယ်။ မိုးရွာသွားတယ်လို့ပြောတယ်။ မိုးရွာသွားတယ်လို့တော့ ပြောကြတယ်။ငါ ဘာကြောင့် မသိလိုက်ရပါသလဲ မကြည်ဖြူ။ ဒီမိုးဟာ ပေါက္ခရ၀ဿမိုးမဟုတ်ဘူးထင်ပါတယ်။ ဟုတ်ခဲ့ရင်တော့ နင်စိုစေချင်သူ တွေထဲမှာ ငါမပါတာများလားမကြည်ဖြူ။ကစဥ့်ကလျား ပြေးထွက်လာမိတယ်။ ငါ့တစ်ကိုယ်စာပဲ သာတဲ့နေကို ပုန်းမလို့။ မိုးရွာတာကို ငါမသိတာလား။ ငါမသိပဲမိုးရွာတာလား။ ငါ့ကို မိုးကြိုးအစင်းစင်းပစ်ချပါ မကြည်ဖြူ။ မိုးခြိမ်း သံတွေကို ငါနားခါးလွန်းလို့ပါ။ ငါကိုယ်တိုင်ကလည်း ခြိမ်းရုံပဲခြိမ်းတတ်တဲ့ မိုးအတုဖြစ်နေခဲ့တာကြောင့်လည်း ပါ,ပါလိမ့်မယ်။ မရွာချင်ပဲမည်းမှောင်ပြခဲ့တာ မဟုတ်ပါဘူး။ ရွာမယ်ပြင်ပြီးမှ လေသင့်လို့ လွင့်ခဲ့ရတဲ့တိမ်ပါ။ သက်တံ့တစ်စင်းလိုတော့ တစ်ဘက်တည်းလှမပြတတ်ဘူး မကြည်ဖြူ။ ငါ့အတွက် မိုးရာသီတွေက ကန်းသွားခဲ့ ပြီလား။ နင့်ရဲ့ဂါထာမန္တာန်တွေကို ရုတ်သိမ်းပေးပါ မကြည်ဖြူ။ သံလမ်းလေးနံဘေးက စပါးခင်းတွေတောင် သွေ့ ခြောက်သွားကြပြီ။
 
 ငါ့ကို. . .
နွေငတ် ၊ မိုးငတ် နဲ့တော့
သေအောင်မသတ်ပါနဲ့ မကြည်ဖြူ။
 
ငါ့မှာ ထီးမရှိတော့ပါမကြည်ဖြူ။ အရိပ်ကိုအတူစောင့်ခဲ့စဉ်က နင်ထွက်သွားရင်ဆောင်းဖို့အတွက် အဲဒီ ထီးကလေးကို ပေးလိုက်ရတယ်။ ငါက ကံဆိုးချင်လွန်းလို့ မိုးနောက်ကိုလိုက်နေခဲ့တာတောင်မှ မစိုရတဲ့ကောင်ပါ။ နင်က ကြယ်တံခွန်တစ်စင်းပါ မကြည်ဖြူ။ ငါရပ်နေတဲ့ ကမ္ဘာတစ်ဘက်ခြမ်းကို နင်ဘယ်အချိန်ဖြတ်သန်းသွားမလဲ ဆိုတာ ဘယ်နက္ခတ္တပညာရှင်တွေကများ ပြောပြနိုင်မလဲ။ မတော်တဆပေါ့။ ကံကိုတော့မယုံဘူး။ ဆူးပုံပေါ်ပစ်လှဲ ချမိလိုက်တယ်။ မျက်ရည်တွေ . . . မျက်ရည်စက်တွေ ငါ့ရဲ့မွှေးညှင်းပေါက်တိုင်းကယိုစိမ့်လျှံကျလာလိုက်ကြတာ။ ဘယ်လိုရာသီဥတုမျိုးလဲ မကြည်ဖြူ။ သဇင်တွေ အုန်းအုန်းထပွင့်ချိန်မှ ငါ့လက်ဖ၀ါးပေါ်က နင့်နာမည်လေးကို မကြားတကြား ရေရွတ်မိတယ်။ မကြည်ဖြူရေ. . . မကြည်ဖြူ။ “ချို” လိုက်တာ မကြည်ဖြူရယ်။ ဆိမ့်မွှေးသင်းထုံ လုံလောက်ပါပြီ။ လုံ. . . လောက်. . . ပါ. . . ပြီ။
 
အဲဒီသီချင်းသံကြားတိုင်း
မျက်လုံးဖွင့်ဖွင့်ကြည့်တတ်တဲ့ဝတ်မှုန်က
ကောင်းကင်ရနံ့ကို တခုတ်တရရှိုက်မွှေး
ငါတို့ မဝေးကြတော့ဘူး မကြည်ဖြူ
ငါတို့ မဝေးကြတော့ဘူး. . . ။
 
 ရွာပါ။ ရွာစမ်းပါ။ ငါမစိုလည်း နင်စိုပါစေ မကြည်ဖြူ။ နင်ရော ငါရော မစားလိုက်ရတဲ့သစ်သီးပါ။ “ချဉ်” သလားမကြည်ဖြူရယ်။ “ချဉ်”လို့လား။ ဘယ်လောက်များဝေးနေလေသလဲ။ တစ်လံချင်းရွေ့ဖို့တောင်မှ ခရီးဆုံးရှာ မရခဲ့သူပါ။ တစ္စေရိုင်းလို မုန်တိုင်းတွေက ကမ္ဘာတစ်ခြမ်းလုံး ယိမ်းထိုးမွှေ့ခတ် ၊ အတောင်တစ်ဘက်ပြတ်တဲ့ငှက် ကိုမှ မိုးကြိုးတွေ အထပ်ထပ်ပစ်ချ ၊ ဒါနဲ့ပဲ ငါပျံသန်းတဲ့လမ်းတစ်လျှောက်မှာ မီးတွေကိုသတ်ပစ်လိုက်တယ်။ ကမ္ဘာ ဦးကိုပြန်ရောက်မှ မရိုင်းစိုင်းတတ်တော့တဲ့လူတစ်ယောက်လို ငါ့နှုတ်ခမ်းတွေက အခါခါရွတ်ဖတ် “တောင်းပန်ပါ တယ်. . . တောင်းပန်ပါတယ်” ။ ငါ့ကို. . . ခွင့်လွှတ်ပါ မကြည်ဖြူရယ်။ ပစ်တုန်းကပစ်ခဲ့ပြီးမှ စာသူငယ်ကမနာရပဲ ကျည်ဆံက ဒဏ်ရာရပြနေတယ်။ အဲဒါ နိုဝင်ဘာတဲ့လားမကြည်ဖြူ။ ဘယ်နတ်ဘုရားဆီမှ လက်ဖြန့်တောင်းခံ မနေတော့ဘူး။ နှင်းခါးခါးတွေ တရှိုက်မက်မက်ရွာတဲ့ညကို ငါတစ်ဝက်တစ်ပျက် အပိုင်ရလိုက်တယ်။ ဒီလိုပါပဲ မကြည်ဖြူရယ်။ ဓားမရှိတဲ့ တံခါးတွေ ၊ တံခါးမရှိတဲ့ ဓားတွေ တစ်ပိုင်းစီကန့်လှောင် ပစ္စုပ္ပန်တစ်ခြမ်းလုံး မှောင် သွားပါတယ်။ စိတ်နဲ့တောင်တွေးလို့မရလိုက်ဘူး မကြည်ဖြူ။ လက်ပြခွင့်မပေးပဲ အဝေးဆုံးမိုင်တိုင်နှစ်ခုမှာ နင်ရှိနေတဲ့ဘက်ခြမ်းကပိုလှနေပါလိမ့်မယ်။
 
သက်တံ့ရှိရာ အနံ့ခံလိုက်နေသူရဲ့
အိပ်မက်ထဲက ပန်းကျောက်စာမှာ
နင့်နာမည်ကို မော်ကွန်းတင်ခွင့်ပြုပါ
          . . . . . . . . . . . . . . . . . . . . မကြည်ဖြူ။
 
ဘယ်အရပ်မျက်နှာတွေကို ညွှန်ပြရမလဲ မကြည်ဖြူ။ နင်သိတဲ့ အဖြူရောင်အရပ်မှာ ငါတို့တွေ တစ်ထပ် တည်းကျနိုင်ပါ့မလား။ နင်ရှာတွေ့ထားတဲ့ကမ္ဘာ ၊ ငါရှာတွေ့ခဲ့တဲ့ ကမ္ဘာ စာအုပ်တစ်အုပ်ထဲမှာတောင် ချရေးလို့ မရခဲ့ဘူး. ငါလျှောက်နေရတာ ဖိနပ်ကလေးတောင် နာရော့မယ် မကြည်ဖြူရယ်။
 
လေယာဉ်ပျံကြီးနဲ့မှ မဟုတ်ပါဘူး. . .
ပျံလွှားငှက်ကလေးနဲ့လည်း
လိုက် ခဲ့ မယ်. . . . .
 (မောင်သိန်းဇော်)
 
ငါ လိုက်ခဲ့ပါ့မယ် မကြည်ဖြူ။ ငါ. . . လိုက် ခဲ့ ပါ့ မယ် ။
 
 
 
(ကိုဇာတိ၏ ကဗျာအား ခံစားရေးဖွဲ့ပါသည်။)

Saturday, October 3, 2009