Sunday, November 29, 2009

လရိပ်ထင်သို့ ကဗျာတစ်ပုဒ်

ညီမလေးရေ…ညီမလေးရေ
နှုတ်ခမ်းတွေကယောင်ကတမ်းလှုတ်ခတ်လို့
ကြယ်တွေဖရိုဖရဲနဲ့ညမှာ
မြေကြီးလိုကောင်တစ်ယောက်က
တစ်ချိန်ကလရိပ်ကလေးကိုလွမ်းမိရဲ့။

အဲဒီညက အိပ်မက်မက်ဖို့ကြိုးစားတော့
မျက်ခွံနှစ်ခုကို
ပေါင်းစည်းလို့မရခဲ့ပါကွယ်။

ပလက်ဖောင်းထက်မှာ
ခြေရာတွေချန်ထားခဲ့လေမလားလို့
ရေတမာပင်တန်းကို
တိုးတိုးလေး မေးမြန်းမိတယ်။
“……”ခေါ်သံလေးတွေ
နားဝမှာ ပါးလျကွယ်ပျောက်
အိမ်ပြန်ချိန်တွေ နောက်ကျခဲ့ပြီ။

“ချစ်တယ်” ဆိုတဲ့စကား
ချစ်သူနားလည်အောင်ပြောမပြတတ်တဲ့ကောင်
နောင်ဆယ်ကမ္ဘာတိုင်အောင် လွမ်းရစေသတည်း
ဒီလိုနဲ့…
ကိုယ် လှည့်ထွက်ခဲ့ရတယ်…..

ဟောဒီစစ်တလင်းမှာ
ငါက ပန်းတစ်ပွင့်ဆွဲပြီး စီးချင်းထိုးခဲ့သူ
အလံဖြူမှာတောင်
သွေးရောင်တွေတောက်ပစိုလက်လို့…

ငါကလည်းငါပဲလေ
မာနတရားနဲ့ယှဉ်ပြီး
ဘယ်ဘုရင်ကိုမှ
မခစားတတ်ခဲ့ဘူး။

လေပြေမတိုးပဲဝေးခဲ့ရတဲ့ ရင်ခွင်လေးတစ်ခုကို
မမှီမကမ်းနဲ့
လွမ်းတယ်…

ညီမလေးရယ်…
သံယောဇဉ်ကိုဖြတ်မယ့်ဓါးတစ်လက်ကို
ဘယ်လောက်ထိတက်မြနေအောင်များ
သွေးထားခဲ့လေသလဲ…

အတိတ်ဆိုတာ အရိပ်ဆိုရင်လည်း
ကိုယ့်ကို…
ကျဲကျဲလေးမိုးပေးပါကွယ်။

အလေအလွင့်တစ်ယောက်ရဲ့
အဆုံးမဲ့လောင်ကျွမ်းချိန်မှာ
လေနီကြမ်းတွေ
တဟဲဟဲအော်လို့…

“က”…“ခ”…
“A”… “B”… “C”… “D”…
“၁”… “၂”… “၃”… “၄”…
လွယ်အိတ်လေးကထမ်းပိုးထားတယ်
ကိုယ့်မှာက…
တစ်ခါတစ်လေမှလမ်းလျှောက်ရသူပါကွယ်။

ညမြို့ရိုးပေါ်က စုန်းမြူးသံတွေ
သန်းခေါင်ယံအလွန်ရဲ့
ခေါင်းလောင်းသံလေးချက်အအော်မှာ
ငါ့ကိုမိုးထားတဲ့ကောင်းကင်က
တစ်ပွင့်သောကြယ်ကလေးသာ
မှိန်ပျပျနိုးနေခဲ့တယ်။

တိုက်ပွဲဝင်တံပိုးသံအဆုံးမှာ
ငါ…..
အကြွင်းမဲ့လက်နက်ချလိုက်ပါတယ်။

သင်္ခန်းစာတွေရဲ့အပြီးသတ်မှာ
လွယ်အိတ်လေးကြိုးပြတ်သွားခဲ့ရ
ကိုယ်က…
လောကကို ကောက်လွယ်လိုက်ရပြန်ရော

ကျောင်းတုန်းကစာအုပ်လေးမှာတော့
ကဗျာတွေဗရပွနဲ့
ကောင်မလေးရေ…
အဲဒါ…မင်းကိုလွမ်းထားတဲ့
အနာရွတ်တွေပေါ့ကွယ်။

ဒီလိုပါပဲညီမလေးရယ်
ရွက်သစ်တွေဝေလာပေမဲ့
ကိုယ်ကတော့ကြွေဆဲ…

ရာစုသစ်ရဲ့သတို့သမီးလေး
ကိုယ်ငေးမောကြည့်နေတုန်းမှာ
အလင်းတွေထဲ ဝေး… ဝေးသွားရပေါ့

ကိုယ်ကတော့
စက်ဝိုင်းရဲ့ အနားသတ်တစ်ဘက်မှာ
နှင်းဆီဝါတွေနဲ့
ရပ်စောင့်နေတုန်း…

ဘယ်နက္ခတ်မှ
မလင်းချင်နေ
ကိုယ့်ရင်ဘတ်ကိုကိုယ်
ဟုန်းဟုန်းတောက်ပစ်လိုက်တယ်။

“….. ကိုချစ်တယ်”
မျက်မမြင်တစ်ယောက်လို
ယုံကြည်ခဲ့မိတယ်။

အနိုင်ရသူရဲ့
အပြုံးလေးတစ်ပွင့်အတွက်
ကြိုးစင်ပေါ်ကို
ကျေကျေနပ်နပ်
ပြေးတက်ခဲ့ပါတယ်ကွယ်။

နတ်သမီးတစ်ပါးရွတ်ဖတ်သော
ကျမ်းစာတစ်အုပ်ရဲ့နောက်ဆုံးအပိုဒ်မှာ
မင်းနာမည်ကို
ရေးထွင်းထားလိုက်တယ်။

ဗဟိုစက်ဝိုင်းနဲ့လွဲခဲ့ရတဲ့
မြားကျိုးတစ်စင်းရဲ့ ဂုဏ်သိက္ခာ
လေးညှို့သံတွေရဲ့နောက်ကွယ်မှာ
ပျောက်ရှခဲ့ရရှာပြီ။

အရွက်မပါတဲ့ထီးတစ်လက်လို
ကိုယ်က…
အရိုးပြိုင်းပြိုင်းနဲ့
သစ်ခြောက်ပင်အိုကြီးပါ။

မြေဆီလွှာတွေ ခြောက်ခန်းကွဲအက်
ရေသောက်မြစ်က
ခုတ်လှဲခံလိုက်ရသလို
တစ်ကိုယ်လုံးကို
“ဗုန်း” ခနဲပစ်လှဲချလိုက်မိခဲ့….

ငှက်ကလေးတွေ
တိုးတိုးလေးတေးဆိုကြဦးမှာပေါ့
မြူခိုးတွေလည်း
ဟိုး…အဝေးမှာပြန့်ကျဲ
ငါနဲ့ငါ့ကဗျာလေး
တိတ်တဆိတ်လွမ်းနေခဲ့ရပြီ