Sunday, November 29, 2009

လရိပ်ပျိုးသော ပန်းပင်လယ်.....

လရိပ်က ပန်းတစ်ခင်းပျိုးတယ်
လရောင်တွေပျံ့လို့သင်းလို့
သူမဆံနွယ်တွေ ပင်လယ်ထဲစီးဝင်ခဲ့
ကျနော်........ငေးကြည့်နေခဲ့မိတယ်
သူမ........လှလိုက်တာ...
ထရွိုင်ကိုဖျက်ဆီးသလိုမျိုး
ကျနော့်မြို့ရိုးကိုသူမရိုက်ချိုးလိုက်တယ်
ချစ်ခြင်းတွေအလုံးအရင်းဝင်လာခဲ့
ရင်ခွင်တစ်ခုလုံးပန်းတွေနဲ့ဖုံးပစ်လိုက်တယ်
လှလှပပလေးနဲ့ကျနော်ကျရှုံးသွားခဲ့ရ
အမှန်ကိုဝန်ခံရရင်တော့
စစ်မကြေငြာခင်ကတည်းက
လက်နက်ချချင်နေခဲ့သူပါကောင်မလေး
ကျနော့်ရဲ့ပင်လယ်မှာ
လရိပ်က ပန်းတစ်ခင်းပျိုးသွားတယ်
ရင်တစ်ခုလုံးကိုထွန်ယက်ပြီးတော့ပေါ့.....