Sunday, November 29, 2009

တေလေငှက်ရဲ့ အိပ်တန်းပြန်ချိန်

တိုးတိုးလေး ဝေး …ဝေး….ဝေး….သွား

ရင်ဘတ်ချင်းနီးစပ်ခဲ့ကြသူတွေရဲ့အဝေးဆုံးမှာ

သင်းကွဲပျားတစ်ကောင်ရဲ့အတောင်ကျိုးနေ့စွဲတွေ

တက်မဲ့… ရွက်မဲ့…တိမ်တွေလို တဖွဲဖွဲလွင့်…ကြွေ…

မုတ်သုန်လေရဲ့အိမ်အပြန်က

မြေသင်းရနံ့များ ပျံ့လွင့်နေခဲ့

မြက်ခင်းသစ်တို့၏ဂီတသံလို

တိုး…တိတ်…နု…ညံ့…

အိပ်မက်ကိုပန်သောမိန်းကလေးရေ

လရောင်ကိုခြုံလို့ အိပ်နေပါကွယ်

မနက်ဖြန်မှာ အတိတ်ဆိုးတွေမရှိကြတော့ဘူး

ကြည်…လင်…၀င်း…ပ မှတ်မှတ်ရရ’လ’တစ်စင်းနဲ့

မှောင်ခဲ့ဖူးတဲ့ညတွေ …….

စားပွဲဝိုင်းပေါ်က ကာရံမပါတဲ့အမြည်းတစ်ပွဲ

 လက္ဘက်ရည်ဆိုင်က ပို့စ်မော်ဒန်တစ်ခွက်

ကောင်းကင်ကိုပျံတက်ချင်ခဲ့တဲ့

အင်းလျားကန်ကစီးကရက်ငွေ့တွေ

စသည်…စသည်…စသည်…

မနေ့ဆီကို ပြန်ခေါ်သွားပေးပါကွယ်

ယောင်ခြောက်ဆယ်ဆိုတဲ့ဂုဏ်ပုဒ်တစ်ခုအတွက်

အတူရူးသွပ်ခဲ့ကြဖူးတဲ့လမ်းမတွေပေါ်မှာ

ကြယ်အကြွေတွေလိုက်ကောက်ချင်တယ်

နေကွယ်ချိန်အိပ်တန်းတက်ဖို့မေ့နေတဲ့ငှက်ငယ်လို

မိုးစုန်းစုန်းချုပ်တဲ့ညနေခင်းတွေ

တစ်ညလုံးလျှောက်ခဲ့ဖူးတဲ့လမ်းမ

ငါ….ဘယ်တော့မှမမေ့ဘူး ။

goodbye