Thursday, January 14, 2010

ပျော်ပျော်ပါးပါး ကျိုက်ထီးရိုး ခရီးသွား (၁)

ပျော်ပျော်ပါးပါး ကျိုက်ထီးရိုး ခရီးသွား (၁)

ကျိုက်ထီးရိုးဆံတော်ရှင်

ကျနော်တို့ mysuboo ၀ိုင်းတော်သားများရဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို 30 ရက်နေ့ညမှာ စတင်ခဲ့ပါတယ်။ အစကတော့ လူ30လောက် လိုက်ပါရန်ရှိတဲ့အတွက် ကားစီးလုံးငှားပြီး သွားမလို့ပါပဲ။ သွားမယ့်ရက်လည်းနီးရော အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်တဲ့လူတွေရှိလာတဲ့အတွက် လူ15 ယောက်သာကျန်ပါတယ်။ ဒါနဲ့ပဲ မူလအစီအစဉ်ကိုဖျက်ပြီး မိဘမေတ္တာဘုရားဖူးယာဉ်နဲ့သွားကြဖို့ စီစဉ်လိုက်ရပါတယ်။

ထွက်ခွါမယ့်နေ့မှာ ည 93း0 နာရီကို ဗိုလ်မင်းရောင်လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်က ဘုရားဖူးကားများထွက်ခွါ မယ့်နေရာကို စုရပ်အဖြစ်သတ်မှတ်ချိန်းဆိုလိုက်ပါတယ်။ အမြဲတမ်းနောက်ကျတတ်လို့ စောစောထွက်လာတဲ့ ကျနော်က စုရပ်ကို 9း00 ခန့်မှာရောက်နေပါတယ်။ ထုံးစံအတိုင်း ဘယ်သူမှ မရောက်သေးပါဘူး။ ခုနစ်နာရီလောက်ကတည်းက ရောက်နေမယ်ဆိုတဲ့ ကိုစိုးမိုးကိုလည်း အရိပ်တောင် မတွေ့ရပါဘူး။ တစ်ယောက်တည်း ဆက်စောင့်နေရတာ နာရီဝက်လောက်လည်းကြာရော နုတဲ့ လှတဲ့ စုလဲ့မ နဲ့ သူမသူငယ်ချင်း မီးမီးခိုင်တို့ ရောက်လာကြပါတယ်။ (စုလဲ့မ မုန့်ကျွေးပေတော့ :P ) ။ အမြဲတမ်းလွဲတဲ့ mysuboo ရဲ့အစဉ်အလာကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ သူမတို့ငှားလာတဲ့ကားသမားက စုရပ်နေရာကိုမသိလို့ နောက်ကျရကြောင်း ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရောက်လာတော့ တစ်ယောက်တည်းတုန်းကလို ကြောင်တောင်တောင်ဖြစ်မနေတော့တာတော့ အမှန်ပါ။ ကျနော်တို့သုံးယောက် နီးရာလက်ဘက်ရည်ဆိုင်ထဲက ထိုင်စောင့်နေရတာ နောက်ထပ် နာရီဝက်လောက်ထပ်ကြာသွားချိန်မှာတော့ ဆိုင်ရှေ့ကနေ မယောင်မလည် ဟိုကြည့်ဒီကြည့်နဲ့ ဖြတ်လျှောက်သွားသူက တစ်ခါတစ်ခါလှတဲ့ ၀ါဝါမပါ။ သူနဲ့အတူ သူ့လေဒီ မကဗျာ၊ ကိုစိုးမိုး ၊ ကိုလူလိန်နဲ့ အခြားလိုက်ပါမယ့်သူတွေပါ ရောက်ရှိလာပါတယ်။ လွဲချက်ကနာတာလား စကတည်းက ယဉ်တာလားတော့မသိဘူး ၀ါဝါတို့ငှားလာတဲ့ကားကလည်း စုရပ်ကိုပတ်ရှာနေတာ တခြားနေရာတွေနှံ့နေပီ ဒီတစ်နေရာပဲကျန်တော့မှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတယ်တဲ့။ ကောင်းရော။ ဒီခရီးစဉ်မှာတော့ ကိုလူလိန် ၊ ကိုစိုးမိုး ၊ ကိုသူရဿဝါ ၊ ကျနော် ၊ ရဲပိုင်ဖြိုး ၊ ကိုသက်လွင် ၊ မမီးမီး ၊ မခင်နှင်းကြည် ၊ မခင်သူဇာစိုး ၊ ဇူလိုင်ဆူး ၊ စုလဲ့ ၊ကိုဟိန်းထက် ၊ မီးမီးခိုင် ၊ မကဗျာနဲ့ မထက်ထက်လတ်တို့ လိုက်ပါကြမှာဖြစ်ပါတယ် ။

အားလုံးစုံပြီဆိုတော့မှ 10 နာရီထွက်မယ်ဆိုတဲ့ကားက 11 နာရီထိရောက်မလာပြန်ပါဘူး ။ တာဝန်ရှိသူတွေကို မေးကြည့်တော့ အဲဒီကားက ၀ါယာရှော့ခ်ဖြစ်ပြီး TV လောင်ထားလို့ ၀ါယာထိန်းပြန်ကိုင်ထားရတာတဲ့ ။ ခုထွက်လာမှာ လေအိတ်ပေါက်သွားလို့ပါတဲ့ ။ လွဲတာမှ ကမ်းကုန်ပါပဲ။ ဒါပေမယ့်လည်း ထုံးစံအတိုင်း စလိုက် နောက်လိုက်နဲ့ ပျော်ပျော်ပါးပါးဆက်စောင့်ကြပါတယ်။ ဒီခရီးစဉ်မှာ မပါတဲ့ ကိုဖီဒိုကြီးကလည်း မထင်မှတ်ပဲ ရောက်လာပါတယ်။ သူ့ကို လိုက်ခဲ့ဖို့ဝိုင်းခေါ်ကြပေမယ့် ငြင်းနေလို့ တုတ်နဲ့မေ့အောင်ရိုက်ပြီး ခေါ်သွားမယ့်အထိတောင် ကြံစည်မိပါတယ်။ (ကိုဖီဒိုရေ လွန်တာရှိရင် ၀န္တာမိနော် ချော်တီး ) ။ 10 နာရီမှာ ထွက်မယ့်ကားကြီးက 1း00 ထိုးမှ ကားရောက်လာပါတယ် ။ (တော်သေးတယ် ဖုန်းဆက်မေးတုန်းက တိရာစ္ဆာန်ရုံနားရောက်နေပါပြီဆိုလို့ ပိုင်ရှင်က စိတ်ပေါက်ပြီး တိရာစ္ဆာာန်သုံးကောင်လောက် ၀င်ဖမ်းခဲ့ပါလားပြောတာကို တကယ်မှတ်ပြီးဝင်ဖမ်းမနေလို့။ တကယ်ထင်ပြီးများ ၀င်ဖမ်းနေလို့ကတော့ ဘုရားရေ ကံကြီးလို့ပါလားနော်) ။ ကားပေါ်မှာ နေရာ ချတော့ ကျနော်တို့ အဖွဲ့က ညာဘက်ခြမ်းတစ်ခြမ်းလုံးနီးပါးပါပဲ ။ ရှေ့ဆုံးမှာ စုလဲ့နဲ့ မီးခိုင် နောက် ကျနော်နဲ့ ကိုစိုးမိုး ၊ ၀ါဝါနဲ့ကဗျာ ၊ မခင်သူဇာစိုးနဲ့ ဇူလိုင်ဆူး ၊ ကိုလူလိန် (သူက only one) စသဖြင့်အသီးသီးနေရာယူထွက်ခွါခဲ့ကြပါတယ်။ နောက်တစ်ဖွဲ့ကိုတော့ ယုဇနအိမ်ယာမှာ ၀င်ခေါ်ရပါတယ် ။ လွဲချင်တော့များ မြေကြီးလက်ခတ်တာတောင်လွဲတယ်။ ယုဇနကအဖွဲ့ကို ခေါ်ပြီး ပြန်အထွက်မှာ ကားဆရာကလမ်းပျောက်နေလို့ လည်နေလိုက်သေး။ အဲဒီလို အဆင်ပြေပြေနဲ့ပဲ ကျနော်တို့ရဲ့ ကျိုက်ထီးရိုးခရီးစဉ်ကို စတင်ထွက်ခွါခဲ့ပါတော့တယ် ။ (ခုမှစတာနော် ဒန့် . . . တန့် . . . တန့် ) ။

လမ်းမှာမပျင်းရအောင်ဆိုပြီး ကားဆရာများက ဟင်္သာတထွန်းရင်၊စိုစန္ဒာထွန်းတို့နဲ့ ဖျော်ဖြေပါတယ်။ တစ်ကားလုံး အိပ်လိုက်ကြတာ အတုံးအရုံးပါပဲ။ ကျနော်တို့ ရှေ့ဆုံးက လေးယောက်ကတော့ ရယ်စရာတွေပြောရင်းလိုက်လာ ကြပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ခဏနားတော့ အားလုံးကို ကိုလူလိန်က ကော်ဖီတိုက်ပါတယ်။ (မလိုက်သူ များ မသောက်ရပါ ) ။ ကားပြန်ထွက်တော့ တွံတေးသိန်းတန်နဲ့ ဖျော်ဖြေမယ်လုပ်နေလို့ ကျနော်တို့မှာပါလာတဲ့ ကိုစိုးမိုးလက်စွမ်းပြ mysuboo donation အခွေကိုဖွင့်ခိုင်းရပါတယ်။ (ကြုံတုန်းကို marketing ပါဆင်းပစ်လိုက်တယ်) ။ နောက်တော့လည်း တောင်တက်ဖို့ရှိသေးတဲ့အတွက် အားမွေးဖို့ အိပ်ရတာပါပဲ ။ (အိပ်ချင်တာကို အိပ်ချင်တယ်မပြောဖူး အဟိ) ။ ကားက ကင်မွန်းစခန်းကို နံနက် 43း0 လောက်မှာ ရောက်ပါတယ် ။ ကားပေါ်ကဆင်းဆင်းချင်းပဲ ကျိုက်ထိုမြို့ရဲ့အအေးဓာတ်က ကျနော်တို့ကို ဆီးကြိုနှုတ်ဆက်ပါတယ်။ ပါးစပ်ထဲက အငွေ့တွေထွက်တာကို သဘောကျပြီး တဟားဟားနဲ့ မှုတ်နေလိုက်ကြတာ အာခေါင်တွေတောင်ချောက်တဲ့အထိပါပဲ။ တောင်ခြေက ကောင်းစံစားသောက်ဆိုင်မှာ ခဏနား နံနက်စာစားပြီးတော့ 53း0 လောက်မှာ တောင်တက်ခရီးကို စတင်ခဲ့ကြပါတယ်။

ပျော်ပျော်ရွှင်ရွှင် တောင်တက်စဉ်

မခင်သူဇာစိုး ၊ ဇူလိုင်ဆူး ၊ မခင်နှင်းကြည် ၊ ကိုသက်လွင် ၊ကိုဟိန်းထက် ၊ မမီးမီးတို့ကတော့ ကားနဲ့တက်ကြမှာ ဖြစ်ပါတယ်။ စုဗူးနားယားကားကြီး ကိုလူလိန်ခေါင်းရှောင်တဲ့ ( ရှော်တီး မှားလို့) နာယကကြီး ကိုလူလိန်ခေါင်းဆောင်တဲ့ ကျနော်တို့ အဖွဲ့ကတော့ အထုပ်တွေကို အထမ်းငှားတင်ပြီး ခြေလျှင်ခရီးကို ပျော်ပျော်ကြီးစတက်ခဲ့ပါတယ်။ နံနက်ခင်း မှောင်မှောင်လေးမှာ ဓာတ်မီးလေးတွေနဲ့တောင်တက်ရတာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံ အသစ်အဆန်းတစ်ခုပါပဲ။

မှောင်ရီဝိုးတ၀ါး ကျိုထီးရိုးတောင်တက်သမား

တောင်တက်လမ်းကလေးကတော့ နေထွက်လာတာနဲ့အမျှ အတက်အဆင်းဘုရားဖူးတွေရဲ့ အားပေးသံ အော်ဟစ်နောက်ပြောင်သံတွေနဲ့ အသက်ဝင်လာပါတယ်။ ဆင်းလာတဲ့လူတွေကလည်း တက်လာတဲ့လူတွေကို အားပေးကြ တက်တဲ့လူအချင်းချင်း ဆင်းတဲ့လူအချင်းနောက်ပြောင်ကြနဲ့ ပျော်စရာပါ။ ဒါပေမယ့် ရုန့်ရင်းရိုင်းစိုင်းမှု အလျင်းမရှိကြပါဘူး။ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။ တောင်ဝှေးလေးတွေထောက်ပြီး ကိုယ့်အချင်းချင်း ဖေးမပြီး နောက်ရင်း ပြောင်ရင်း တောင်တက်ရတာ တကယ်ကို ပျော်စရာတစ်ခုပါပဲ။ ကျနော်က တော့ အဲဒီမှာ စတွေ့တယ်လို့ပဲ ဆိုရမလားပဲ ။ စုလဲ့နဲ့မီးခိုင်တို့က ကျောပိုးအိတ်တစ်လုံး လက်ဆွဲအိတ်အလတ်တစ်လုံး အသေးတစ်လုံးပါလာပါတယ်။ အထမ်းငှားတုန်းကလည်း အိတ်အသေးက မုန့်တွေပါတယ် ဟိုအိတ်က ဘာတွေပါတယ် ဒီအိတ်က ဘာတွေပါတယ် ဟိုအိတ်က ညာတွေပါတယ်နဲ့ မအပ်ကြပါဘူး ။ ခရီးတောင်မစရသေးဘူး လက်ဆွဲအိတ်အလတ်တစ်လုံးက ကျနော့်ပခုံးပေါ်ရောက်လာပါတော့ တယ်။ တော်သေးတာက လွယ်ကြိုးပါလာလို့ သိုင်းလွယ်လာခဲ့လို့ရတာ။ လမ်းမှာလည်း စုလဲ့က အိတ်ထဲမှာပါလာတဲ့ ချိုချဉ်ထုပ်ကို ဖောက်ပြီး တွေ့သမျှကလေးတွေကို အကုန်လိုက်ဝေပါတယ် ။ (ဒါကြောင့်လည်း စုဂျလီနာဂျိုလဲ့ လို့ခေါ်တာ) ။

စုဂျလီနာဂျိုလဲ့ နှင့် ကျိုက်ထီးရိုး အတက်လမ်းမှ မီးလှုံနေသောခလေးငယ်များ

ခရီး 3 ပုံ 1 ပုံတောင် မကျိုးသေးဘူး လက်ဆွဲအိတ်အသေးလေးပါ ကျနော်ဆွဲရပါတော့တယ်။ (စုလဲ့နဲ့ မီးခိုင်ရေ ၀ဋ်ကြွေးရှိရင်လည်း ကြေပါတော့နော်) ။ တောင်တက်ခရီးက 8 မိုင်ခန့်ရှိပါတယ်။ တက်စက တက်ကြွနေသလောက် တဖြည်းဖြည်းနဲ့ လူတွေက ယိုင်နဲ့လာပါပြီ ကိုလူလိန် ၊ မထက်ထက် နဲ့ ရဲပိုင်ဖြိုးတို့ကတော့ ရှေ့ကနေတက်သွားပြီး ကျနော်တို့နဲ့ မျက်ခြေပြတ်သွားတာ တောင်ပေါ်ရောက်တဲ့အထိပါပဲ။ (အဲဒီတော့ သူတို့တွေ အတက်မှာ ဓာတ်ပုံမရိုက်ရတော့ဘူးပေါ့ ကင်မရာမန်းက ကျနော်တို့နဲ့ ကျန်ခဲ့တာလေ )

ကျနော်တို့အဖွဲ့ကတော့ ရှုခင်းကောင်းကောင်းတွေ့ရင် ဓာတ်ပုံရိုက်လိုက် နားစရာတွေ့ရင်နားလိုက် စားလိုက်သောက်လိုက် စလိုက်နောက်လိုက်နဲ့ပဲ ဖြည်းဖြည်းချင်းတက်လာခဲ့ကြပါတယ်။ စိတ်ကဆောင်နေလို့သာ တက်နေရပေမယ့် ခြေထောက်တွေက ပါမလာကြတော့ပါဘူး ။ နေကလည်း မြင့်သထက်မြင့်လာပါပြီ။ ကိုစိုးမိုးကတော့ ကျနော့်ဆီက အိတ်တစ်လုံးကို သူတစ်လှည့် ကိုယ်တစ်လှည့် ကူသယ်ပေးပါတယ်။ သူကတော့ ရှေ့ကနေ ဓာတ်ပုံတွေရိုက် ဗွီဒီယိုတွေရိုက်လိုက်နဲ့ တက်ပါတယ် ကျနော်တို့ကလည်း သူ့နောက်ကနေ လိုက်တက်ပါတယ်။

မောတော့မောတာပေါ့ ဒါပေမယ့် မောတယ်

မောတာကလွဲလို့ တောင်တက်ရတာ ပျော်ဖို့ကောင်းပါတယ်။ စိတ်ထဲမတွေ့တာတစ်ခုကတော့ အလှူခံမဏ္ဍာပ်တွေပါ။ ကျနော်တို့တွေက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပါ။သဒ္ဒါတရား မခေါင်းပါးကြပါဘူး။ ဘုရားနယ်မြေမှာ ဖိနပ်မစီးရတာလည်း ကျနော်တို့ သိပါတယ် ။ ဒါပေမယ့် သူတို့က ဘုရားနယ်မြေတင်မဟုတ်တော့ဘူး လူသွားနေတဲ့လမ်းကိုပါ ခွပြီး မဏ္ဍာပ်တွေဆောက်တယ်။ ကျနော်တို့က တောင်တက်ရလွယ်ကူအောင် အအေးဒဏ်ခံနိုင်အောင်ဆိုပြီးတော့ walking shoe တွေစီးလာပါတယ်။ ခဏခဏ ၀တ်လိုက်ချွတ်လိုက်နဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကဲ ထားပါတော့ဘုရားအလှူခံမဏ္ဍာပ်တွေ ကတော့။ ဒါပေမယ့် နန်နန်းတွေကပါ မဏ္ဍာပ်တွေထိုးပြီး ဖိနပ်ချွတ်ခိုင်နေတာတွေ့တော့ ကျနော့်စိတ်ထဲမှာ မသက်မသာပါပဲ။ ဒီ့ထက်ဆိုးတာက တောင်ပေါ်ရောက်ကာနီးတွေ့ရတဲ့ အလှူခံမဏ္ဍာပ်ဆီက အသံချဲ့စက်မှတစ် ဆင့်ထွက်ပေါ်လာတဲ့အသံပါပဲ။ အဲဒီလူကတော့ အဟောအပြောကောင်းလို့လားမသိဘူး မနားတမ်းကို ပြောနေတာပါ။ ကြားနေရတဲ့ကျနော်ကတော့ စိတ်ထဲမှာ မကျေမလည်ဖြစ်ရပါတယ်။ အဲဒီမဏ္ဍာပ်မှာ အလှူငွေထည့်ရင် အလှူငွေဖြတ်ပိုင်းကို ကိုယ်တိုင်ရေးရပါတယ် ငွေဖလားတွေနဲ့ ဘောက်ချာစာအုပ်တွေကို တန်းစီချထားပေးပါတယ်။ လူမစောင့်ပါဘူး။ နောက်တစ်ချက်က ကိုယ့်နာမည်နဲ့ကိုယ်လှူလို့မရပါဘူး။ မိဘနာမည်နဲ့ပဲလှူရပါတယ်။ အဲဒီလိုလှူရင် မိဘကိုပြစ်မှားမိတဲ့အပြစ်တွေပပျောက်ပါတယ်တဲ့။ကျနော်လည်း သိလို့တော့မဟုတ်ပါဘူး။ သိသလောက်ကတော့ ဘုရားဟောမှာ အကုသိုလ်ကို ကုသိုလ်နဲ့ချေဖျက်တယ်လို့ မတွေ့မိပါဘူး။ ကုသိုလ်ချိန်မှာ ကုသိုလ်အကျိုးစံစားရပြီး အကုသိုလ်ချိန်မှာ အကုသိုလ်အကျိုး ခံစားရပါတယ်။ ကဲ . . . ထားပါဦး။ ကျနော်တွေးမိတာက အဇာတသတ်လက်ထက်တုန်းကများ ဒီအလှူခံမဏ္ဍာပ်ရှိခဲ့ရင် . . . . . . ဆက်သာတွေးကြည့်ကြပါတော့ဗျာ. . . .။ဒါမျိုးလေးတွေကလွဲလို့ တောင်တက်ခရီးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်ကနားလိုက် နောက်အဖွဲ့ကကျော်လိုက်။ သူတို့နားတော့ ကိုယ်ကပြန်ကျော်လိုက်နဲ့ တစ်ပြန်တစ်လှည့်ပါပဲ။ ဆုံမိပြီဆိုရင်လည်း ဒီတောင်တက်လမ်းရောက်မှ ဆုံဖူးတဲ့လူတွေလို့တောင် မထင်ရပါဘူး။ စလိုက် နောက်လိုက်နဲ့ပါ ။ ချစ်စရာ ကောင်းတဲ့ စိတ်ဓာတ်လေးတွေပေါ့။ဒီလိုနဲ့ တက်လာလိုက်တာ နေ့လည် 11 နာရီလောက်မှာ တောင်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါပြီ။ မုခ်ဦးကြီးကိုလည်း တွေ့လိုက်ရရော မောခဲ့သမျှအားလုံးက ဘယ်နားကျကျန် နေခဲ့သလဲတောင် မသိတော့ပါဘူး။

ကဲ ရောက်ပါပြီ

လွဲချင်တော့များပြောပါတယ် တောင်ပေါ်ရောက်ခါနီးမှ ၀ါဝါနဲ့ ကဗျာက တစ်ခြား ကိုစိုးမိုးက တစ်ခြား ကျနော်၊စုလဲ့နဲ့ မီးခိုင်တို့ကတစ်ခြား လူကွဲသွားကြပါတယ်။ ကိုစိုးမိုးနဲ့တော့ မုခ်ဦးမှာ ပြန်တွေ့ပါတယ်။ ၀ါဝါနဲ့ကဗျာကိုစောင့်နေရင်း ပေါ်မလာနိုင်တာနဲ့ ဆက်ထွက်လာကြတော့ ဖိနပ်စချွတ်တဲ့နေရာမှာ မကဗျာကိုတွေ့ပါတယ်။ ဖြစ်ပုံကဒီလိုပါ။ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်ကို အမျိုးသမီးများက လုံခြည်ဖြင့်သာ တက်ရပါတယ်။ သူ့ခမျာ ဒီနေရာထိရောက်နေပြီးမှ လုံချည်က အထမ်းနဲ့တင်လိုက်တဲ့အထုပ်ထဲမှာ ပါသွားလို့ပါတဲ့ ထုတ်ထားပါလို့ပြောတုန်းကလည်း မေ့ပြီး မထုတ်လိုက်ရလို့ပါတဲ့။ ဒါကြောင့် ၀ါဝါ့ကို တည်းခိုမယ့်နေရာလွှတ်ပြီး လုံချည်ယူခိုင်းထားတာပါတဲ့ ။ ကျနော်တို့လည်း မီးခိုင်ဆီက လုံချည်တစ်ထည်ငှားလဲခိုင်းပြီး ခေါ်လာခဲ့ရပါတယ်။ ဒီလိုပဲ ကျိုက်ထီးရိုးတောင်ပေါ်ကို အဆင်ပြေပြေနဲ့ ရောက်လာခဲ့ကြပါပြီခင်ဗျာ။

ဂိုက်အပြည့်နဲ့ပို့စ်တွေပေးနေကြတာလေ

ကျနော်တို့တည်းခိုမယ့်နေရာက မို့မို့စန်း စားသောက်ဆိုင်မှာပါ။ ကိုလူလိန် ၊ မထက်ထက်လတ် ၊ မခင်သူဇာစိုး ၊ ဇူလိုင်ဆူး နဲ့ မခင်နှင်းကြည်တို့ကတော့ ရောက်နှင့်နေကြပါပြီ။ အခန်းနှစ်ခန်းငှားထားပါတယ် ။ ယောင်္ကျားလေး တစ်ခန်း ၊ မိန်းကလေးတစ်ခန်းဖြစ်ပါတယ်။ ရဲပိုင်ဖြိုး၊ ကိုသက်လွင်၊ကိုဟိန်းထက် ၊ မမီးမီးတို့ကတော့ ရိုးရိုးလေးတည်းခိုဆောင်မှာ တည်းကြပါတယ်။ ရောက်ရောက်ချင်း အရင်လုပ်တာကတော့ တဂွီဂွီမြည်နေတဲ့ဗိုက်ကို အသံတိတ်ဆေးကျွေးတာပါပဲ။ နေ့လည်စာစား ရေမိုးချိုးပြီးတော့ အိပ်စက်အနားယူကြပါတယ်။ အိပ်ယာကနိုးတော့ ကိုလူလိန်ခမျာမှာ အိပ်နေစဉ်က ဘယ်သူ့လက်ချက်မိသွားတယ်မသိဘူး ကျနော်တို့ကို မျက်ကွယ်ပြုသွားပါတယ် ။ (မျက်လုံးတစ်ဖက်ယောင်သွားတာကို ပြောတာနော် တလွဲမတွေးနဲ့) ။ ညနေပိုင်းလောက်မှ ပြန်ကောင်းသွားရှာပါတယ်။ ညနေစောင်းမှာတော့ ကျီးပါးစပ်လှိုဏ်ဂူကို သွားကြပါတယ်။ တောင်တက်စဉ်က ဇောနဲ့မို့မသိသာပေမယ့် အနားယူပြီးလို့ သွေးအေးသွားချိန်မှာတော့ ခြေတွေလက်တွေက မသယ်ချင်လောက်အောင် ကိုက်ခဲလာပါတယ်။ ပိုဆိုးတာက လက်ဆွဲအိတ်ကိုအတက်တစ်လမ်းလုံးလွယ်လာတဲ့ ကျနော်ပါပဲ။ ခြေထောက်တွေတင်မကဘူး အိတ်က ပခုံးကာမပါတဲ့အပြင် သံကွင်းက ပခုံးတည့်တည့်ရောက်နေ လေတော့ အထိမခံနိုင်လောက်အောင် ခံစားရပါတော့တယ်။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက်စုံအောင်သွားမ ဟဲ့ဆိုပြီး ထလိုက်ခဲ့တာပါပဲ။ကျီးကန်းပါးစပ်ကို သွားတဲ့လမ်းကတော့ သက်သက်သာသာရှိပါတယ်။ လမ်းတစ်လျှောက်မှာလဲ စားသောက်ဆိုင်တန်းတွေ ဆေးမြစ်ဆိုင်တန်းတွေ လက်ဆောင်ပစ္စည်းဆိုင်တန်းတွေကို တောက်လျှောက်တွေ့ခဲ့ရပါတယ်။ ကျီးကန်းပါးစပ်ကိုရောက်တော့ ခဏနား နေ၀င်ချိန်ရှုခင်းကိုကြည့် ဓာတ်ပုံတွေရိုက်ကြပြီးတော့ ပြန်လာခဲ့ကြပါတယ်။

ကျီးကန်းပါးစပ်မှာ အမှတ်တရ

ညပိုင်းမှာတော့ ဘုရားရင်ပြင်တော်ပေါ်တက်ပြီး ဘုရားဖူး၊ ရွှေသင်္ကန်းကပ်၊ ရင်ပြင်တော်ပေါ်လှည့်ပတ်လေ့လာ ရင်း ဓာတ်ပုံတွေရိုက်ကြပါတယ်။

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်မှာ အမှတ်တရ

ည 8 နာရီလောက်မှာတော့ ရဲပိုင်ဖြိုးတို့တည်းခိုနေတဲ့ ရိုးရိုးလေးတည်းခိုဆောင်ကို ရောက်လာခဲ့ကြပြီး New Year ပွဲအတွက် စီစဉ်ကြပါတယ်။ စားစရာတွေကတော့ ခေါက်ဆွဲကြော်၊ ကြာဇံကြော် ၊ ထမင်းကြော် ၊ ကော်ဖီတွေနဲ့ တည်ခင်းပါတယ်။ စားသောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပြီးတဲ့အခါမှာ game ကစားခဲ့ကြပါ တယ်။ ဒီခရီးစဉ်ရဲ့ King ဘွဲ့ကို ကိုလူလိန်က ရရှိပြီး Queen ဘွဲ့ကိုတော့ စုလဲ့ကဆွတ်ခူးသွားပါတယ်။ King နဲ Queen တို့က နေလည်း သီချင်းတစ်ပုဒ်နဲ့ဖျော်ဖြေခဲ့ကြပါသေးတယ်။

ကျိုက်ထီးရိုးခရီးစဉ်ရဲ့ King နဲ့ Queen

အဲဒီနောက်မှာ မကဗျာ စုလဲ့နဲ့ မီးခိုင်တို့က သင်္ကြန်ယိမ်းနဲ့တစ်ခါ အေရိုးဗစ်အကနဲ့တစ်လှည့် ၊ ကျနော် ကိုလူလိန်နဲ့ မထက်ထက်လတ်တို့က မိန်းမခိုးလာတဲ့သားနဲ့ ဖခင်ပြဇာတ် ၊ ကိုဝါ၀ါ မခင်သူဇာစိုးနဲ့ ဇူလိုင်ဆူးတို့က အလှပြင်မယ့် ညီအမနဲ့ မိတ်ကပ်ဆရာ မာမီဝါ ပြဇာတ်တွေနဲ့ အသီးသီဖျော်ဖြေခဲ့ကြပါတယ် ။ ဒီခရီးမှာ အသက်အကြီးဆုံးဖြစ်တဲ့ မခင်နှင်းကြည်လည်းမနေရပါဘူး။ ကစားတဲ့အထဲမှာ မပါပေမယ့် ကစားနည်းအရ ကိုဝါ၀ါနဲ့ ကိုစိုးမိုးတို့ရဲ့ ရည်းစားစကားဝိုင်းပြောခြင်းကို ခံလိုက်ရပါသေးတယ် ။

Game ကစားကြစဉ်

ပျော်ပျော်ပါးပါးကစားပြီးတော့မှ တည်းခိုဆောင်ကိုပြန်လာခဲ့ကြပါတယ်။ ပြန်ရောက်တော့လည်း မအိပ်ကြပါဘူး။ အခန်းတစ်ခန်းမှာစုဖွဲ့ပြီး စကားပြောနေကြပါသေးတယ်။ ထူးခြားချက်ကတော့ ကိုစိုးမိုးကနေ ခရီးမှာပါလာတဲ့ မိန်းကလေးအားလုံးကို 2010 မှာ ပထမဆုံး “ချစ်တယ်” လို့ပြောတဲ့သူအဖြစ် မှတ်တမ်းဝင်သွားခြင်းပဲဖြစ်ပါတယ်။

(ကိုစိုးမိုး ပိုင်သကွာ)

မင်းသမီးများသီးသန့် အမှတ်တရ

ဆက်ပါဦးမည်………..။