Tuesday, May 11, 2010

နှင်းဆီရောင် သက်တံ့

အိပ်မက်အသစ်မက်ရန်ရှိသည်
ညသည်လည်း အသစ်ဖြစ်ရန်လိုသည်
မသက်ဝေရယ် ဒီလိုနဲ့ . . . .
မအိပ်ဖြစ်ခဲ့တာလည်းကြာပါပြီ ။

ယနေ့ည နှင်းဆီတစ်ပွင့်ပွင့်မည်
ယနေ့ည ဥယျာဉ်တစ်ခုလည်း ပွင့်မည်
မသက်ဝေရယ် ငါတစ်ယောက်ပဲ
အဆိပ်သင့်နေခဲ့တာပါ ။

နံနက်ခင်းတွေသာ တစ်ခုပြီးတစ်ခု လင်းသွားကြတယ်
ငါက အခုထိ
နေထွက်ရာမျက်နှာမမူတတ်သေးဘူး
ကိုယ့်အရေခွံထဲမှာ ကိုလူးလိမ့်
တစ်သိမ့်သိမ့်ရှိုက်သံတွေ ကြားရပြန်ပြီမသက်ဝေ ။

ငါမလျှောက်ခင်ကတည်းက
ဒီလမ်းမှာ ခြေရာတွေက ခပ်များများ
ငါ့အတွက်နေစရာ သေစရာက
ဒီလောက်တောင်များ ရှားပါးခဲ့လေသလားကွယ်။

မီးတောင်နဲ့ပင်လယ်ကြားမှာ
အရွက်တွေကုပ်လိပ်ကွေးညွတ်
ကိုယ့်အနာရွတ်တွေကိုယ် တယုတယပွတ်သပ်
ငါဟာ . .
ကိုယ့်ကိုကိုယ် ပြန်လည်ခုတ်ဖြတ်နေတဲ့ဓါးတစ်လက်လည်းဖြစ်တယ်။

ထားလိုက်ပါတော့ မသက်ဝေရယ်
ပျားရည်တစ်စက်နဲ့တော့ ပင်လယ်တစ်ခုလုံး
ဘယ်ချိုနိုင်ပါမလဲ ။
တစ်ဦးတစ်ယောက်အတွက်အမှန်တရားက
အများအတွက်လည်း ခါးနေတတ်ပါတယ်. . . ။