Tuesday, May 11, 2010

လမ်းလျှောက်ထွက်ခြင်း (၃)

လမ်းလျှောက်ထွက်ခြင်း (၃)

 

ဒီတစ်ခေါက်လည်း  စိတ်ကူးတွေနဲ့ လမ်းလျှောက်ထွက်လာခဲ့ပါတယ် ။

(၁)

ကျနော်ဟာ စိမ်းညိုမှောင်ဖျော့နေတဲ့ တောအုပ်ကြီးတစ်ခုထဲကိုရောက်နေတယ် ။ ကျနော့်ရှေ့က သစ်ပင်အုပ်မှာ မျောက်တစ်အုပ်ကလည်း ဆူညံဆော့ကစားနေကြလေရဲ့။ အဲဒီအချိန်မှာပဲ  မျောက်ကြီးတစ်ကောင်ဟာ ကျနော့်ရှေ့ကိုရောက်လာတယ်။

`လူကလေး မင်္ဂလာပါ´

`အဲ မျောက်က လူစကားတတ်သဟ´

`လူဆိုတာ မျောက်ကဆင်းသက်လာတာဆိုကွ အဲဒီတော့ မျောက်က လူစကားတတ်တာဆန်းသလား´

`ဟုတ်တာပေါ့ဗျာ ခင်ဗျားတို့က အတော်ဆော့တာပဲ ဒါကြောင့်လူကြီးတွေက အဆော့သန်တဲ့ကလေးဆိုရင် `မျောက်လောင်း´ လို့ခေါ်တာပဲ ´

`အော် လူက မျောက်လိုဆော့တော့ `မျောက်လောင်း´ တဲ့လား ။ ဒါဆို မျောက်က လူလိုဆော့ရင် `လူလောင်း´ ပေါ့နော် ´

ကဲ. . . . . . .

 

(၂)

ဆက်လျှောက်လာတော့ကျနော့်ရှေ့မှာရေညှိရောင်လက်လက်ထနေတဲ့ တောင်လိုအရာကြီးတစ်ခုကိုတွေ့တယ်။ သေချာကြည့်မိတော့ အဲဒီအရာကြီးမှာ အကြေးခွံလိုအရာတွေ အပြည့်နဲ့ ။ နောက်ပြန်ဆုတ်ပြီး သေချာကြည့်တော့မှ လားလား နဂါးကြီးတစ်ကောင် ကောင်းကင်ကို မျက်ထောင့်နီကြီးနဲ့ စိမ်းစိမ်းစိုက်စိုက်ကြည့်လို့။

`ဗျိုး နဂါးကြီး နဂါးကြီး ဘာလုပ်နေလဲဗျ´

`ကောင်းကင်ဆိုတာကြီးကို မျက်စောင်းထိုးနေတာလေ ´

`အန် ဘာလို့တုန်း´

` နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဘူးဆိုပြီးတော့ အဲဒီကောင်ကြီးကို ငါမျက်စောင်းထိုးနေတာ ကြာပြီ။ ခုထိပြာမကျနိုင်သေးလို့မကျေမနပ်ဖြစ်နေတာပါကွာ ´

 

အင်း . .  .ဒါမျိုးကြီးလည်းဖြစ်တတ်သေးတာပဲနော် ။

 

(၃)

 

တောအုပ်ထဲကအထွက်မှာ အင်မတန်ခမ်းနားကြီးကြယ်တဲ့ ရဲတိုက်ကြီးတစ်ခုက ကျနော့်ကိုလက်ယပ်ခေါ်နေတယ်။ အထဲကိုရောက်တော့ ရတနာမျိုးစုံစီခြယ်ထားတဲ့ကလပ်တစ်ခုပေါ်မှာ ဓားကြီးတစ်လက်က ခန့်ခန့်ညားညား နေရာယူလို့ ။ အဲဒီကလပ်ကြီးဘေးမှာတော့ ကျောက်စာအချပ်ပေါင်း မြောက်များစွာကိုတွေ့ရပါတယ်။ အဲဒီကျောက်စာတွေထဲမှာ ဒီဓားကြီးကိုကိုင်စွဲခဲ့တဲ့သူရဲကောင်းတွေနဲ့ သူတို့တိုက်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုဖော်ပြထားတယ် ။ နောက်ဆုံးကျောက်စာမှာတော့ ဒီဓားဟာ ဓားအိမ်ထဲကထုတ်လိုက်ရင် သွေးမစွန်းပဲ ပြန်မ၀င်ဘူးလို့ဆိုထားပါတယ်။ ဓားကိုထုတ်ကြည့်မယ့် ကျနော့်စိတ်ကူးတွေတောင် နောက်တွန့်သွားရတယ်။ ဓားကြီးကိုကြည့်ရင်းနဲ့ သက်ပြင်းတစ်ချက်ကို အားပါးတရ လွှင့်ပစ်မိပါရောလား

`ကောင်လေး ဘာလို့သက်ပြင်းချတာတုန်းကွ´

`ခင်ဗျားအကြောင်းကိုတွေးမိလို့ပါ ခင်ဗျားကြောင့် ကျခဲ့ရတဲ့သွေးစက်တွေနည်းမှာမဟုတ်ဘူးနော် ´

`ကောင်လေးရာ တကယ်တော့ ဓားဆိုတာ ဓားအတိုင်းပဲနေရင် သိပ်လှတဲ့အနုပညာတစ်ခုပါ´

သေချာပါတယ် ဒီဓားကို ကျနော်လုံးဝထုတ်ကြည့်တော့မှာမဟုတ်ဘူး။ မတော် အနုပညာမြောက်တဲ့ဒဏ်ရာတွေရနေရင် မခက်လား။

 

(၄)

 

အဆောက်အဦးထဲကထွက်တော့ ရှည်လျား ဖြောင့်စင်းနေတဲ့လမ်းမကြီးကို တွေ့လိုက်ပါတယ်။ လမ်းအတိုင်းလိုက်လာရင်းက တစ်နေရာအရောက်မှာ လမ်းဘေးတစ်နေရာအရိပ်မှာ ၀ိုင်းဖွဲ့စကားပြောနေတဲ့ လူတစ်သိုက်ကိုတွေ့လိုက်ရတယ်။

`လာကွာ လာ ခဏနားဦး ရေလေးဘာလေးသောက်´

ကျနော့်ကိုရေဘူးကမ်းပေးပါတယ်။

ဒါပေမယ့် စပ်စုချင်စိတ်များနေတဲ့ကျနော်ကတော့

`ခင်ဗျားတို့က ဒီမှာဘာလုပ်နေကြတာလဲဟင်´

`စကားပြောနေကြတာလေကွာ´

`ကျနော်ခင်ဗျားတို့ကို မြင်ဖူးသလိုပဲ ´

အားလုံးကပြုံးလိုက်ကြပြီး သူတို့ကိုယ်သူတို့မိတ်ဆက်ပေးပါတယ်။ အားပါးပါး ကျနော်က တကယ့်လူတွေကြားထဲရောက်လာတာပါလား ။ သူတို့က ဆိုခရေးတီး ၊ ကွန်ဖြူးရှပ် ၊ ပလေတို အစရှိသဖြင့် နာမည်ကျော် အတွေးအခေါ်ပညာရှင်အားလုံးလိုလိုပါပဲ။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကတော့ သူ့ကိုယ်သူ မိတ်မဆက်ပဲ ငြိမ်နေတယ်။ကျနော်လည်း ဒီတိုင်းတော့ဘယ်နေမလဲ။ အဲဒီလူကိုလက်ညှိုးညွှန်လိုက်ပြီး

`ခင်ဗျားက ဘယ်သူလဲ ´

သူကပြုံးတယ် သိပ်ကိုထက်ရှတဲ့အပြုံးမျိုးနဲ့ပြုံးတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတစ်ပွင့်လိုပြုံးတယ်။

`ကျနော်က ဥာဏ်ပညာပါခင်ဗျာ´

`ဒါဆိုခင်ဗျားက လူတွေကြားထဲသွားနေပါလားဗျာ အဲဒါမှ လူသားအားလုံးက ခင်ဗျားနဲ့ရင်းနှီးမှာပေါ့´

ဒီတစ်ခါတော့ သူက ပိုးစတစ်စလုံးထပ်ပြုံးတယ်။

`ကျနော်က လူတွေနဲ့အနီးဆုံးမှာနေပါတယ်ဗျာ ။ လူတွေကသာ ကျနော်နဲ့ဝေးရာကိုပြေးနေကြတာပါ´

အင်း . . . ကျနော်လည်း သူနဲ့နီးနီးနေဖို့ တော်တော်စဉ်းစားရပြီ ။