Sunday, June 27, 2010

ဇာတ်စင်


ဇာတ်စင်

အခန်း (၁) ၊၊
အခန်းတစ်ခန်း
ထည့်ချင်သည်များကို ထည့်ထား၍
မထည့်ချင်သည်များကို မထည့်ထား ၊၊
အခန်း(၁)ခန်း
ထည့်သင့်သည်များကို မထည့်ထား၍
မထည့်သင့်သည်များကို မထည့်ထား ၊၊
ရှေ့ထွက်မင်းသမီး ၏ ရှေ့ထွက်အက ကို
ဒါရိုက်တာက လက်ခုပ်ထဲ ထည့်တီး၍
ဇာတ်ဆောင်မင်းသမီး မျက်နှာမြင် ရန်
ဇာတ်ထောင် မင်းသား ဘယ်သူ နှင့် နှစ်ပါးသွားကတဲ့ည
လူရွှင်တော်အချို့မှာ အပြာရောင်တောင်ရှည်များ လျှော်ဖွပ်နေ၊၊
အရင်က ပြဇာတ်တွေပဲ ပြန်ကမယ် ၊၊
ခေတ်နောက်ပြန်ဆွဲတော့ နုပျိုမသွားဘူးလား ၊၊
ဇာတ်ကိုတော့နာမယ်နော် ၊၊ ဖိလို့ပဲပြားပြား ၊ ပြာပြီးပဲ ပြားပြား ၊၊
မီးမသေသေးသ၍ ပြန် က မယ် ၊၊
ပရိတ်သတ်နိုးလာတော့ ဇာတ်သိမ်းလိုက်ကြတာပေါ့ ၊၊
အခန်းတစ်ခန်း ၊၊
အခန်း (၁)
မထည့်တတ်သည်များကို မထည့်ထား ၊၊ ၊၊


ဇာတိ
၂၂.၁၂.၂ဝဝ၉


ဇာတ်စင်


ငါ့အပေါ်ကိုတက်
ငိုလိုက် ရယ်လိုက် ပြုံးလိုက်
မိုက်ပြလိုက်
သေနတ်ကိုဟန်ပါပါပစ်ဖောက်
မင်းသမီးခါးကို လူကြမ်းက ခပ်ရမ်းရမ်းဆွဲတော့
မင်းသားက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်
မိုးကောင်းတုန်းရွာထားဦးပေါ့တဲ့
အပြင်မှာတော့သူတို့နှစ်ယောက်က
အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက်
ဒီမှာလာပြီး တိုက်ကြခိုက်ကြ
သရုပ်ပြ
ပရိတ်သတ်အကြိုက်
ဇာတ်ဆရာအကြိုက်
တစ်ယောက်ကတစ်ယောက်ကိုထိုးတယ်
တစ်ယောက်ကတစ်ယောက်ကိုမုန်းတယ်
တစ်ယောက်ကတစ်ယောက်ကိုသနားတယ်
တစ်ယောက်ကတစ်ယောက်ကိုဇာတ်အိမ်ထဲကမောင်းထုတ်အပြီး
ကားလိပ်ချ
ပရိတ်သတ်ပြန်
ဇာတ်အဖွဲ့ပြန်
နောက်ဆုံးတော့
အမှိုက်တွေ ဗရပွနဲ့
ငါ့ချည်းပဲကျန်နေခဲ့တော့တာ။ ။



ကြက်သွန်
၂၂.၁၂.၂ဝဝ၉


“ ဇာတ်စင် ”

ဒီနေရာမှာ
အားကုန်အော်ဟစ်လိုက်ဖို့ ပြင်နေတဲ့
နားရွက် နဲ့ နှာခေါင်းဟာ
အားကုန်ထွက်ပြေးဖို့ ပြင်နေကြ
စက်ခလုတ်နှိပ်လိုက်မှ စရတော့မလို့
ဒီနေရာမှာ မျက်နှာကြောမရှင်တဲ့လူတွေ စုစုစည်းစည်း ပေါင်းသင်းနေထိုင်တယ်
ဖြစ်ရပ်မှန်ဆိုတာက စ မှ ဖြစ်မယ်ထင်ရင်
ကိုယ့်အလှည့် မရောက်ပဲ မျက်နှာသေ နဲ့ ထွက် က
ဒီ ည မှ စ ဖြစ်မယ်
စ မှဖြစ်မယ်
ဒီ ည စ မှ ဖြစ် မယ်
ခလုတ်လေးနှိပ်လိုက်တယ်ဆိုရင်ပဲ . . .
ဝိဥာဉ်ကို မလုံတလုံ ခြုံ ပြုံးကြည့်လိုက်တယ်
ခြေ လက် ခေါင်း ခါး အဆင်သင့်ပဲ
ဒီမှာတော့ အားလုံး ပုံသေနည်း များများသုံးလို့
အရှေ့ကိုတိုး အနောက် ( က ) ဆုတ်
ဟိုအရှေ့က လူခြေရာ တက်နင်းမိရင်း
စက်ခလုတ်ကို မသိမသာ နှိပ်လိုက်တယ်
ပြန် စ ကြ မယ် ၊ ဆို ပြန် က ၊ ကြ ဖို့ လို မယ်
တစ်ဦး တစ်စုံက လှ လှလေး ဟာသ ပြတယ်
အပေါ်မှာရော အောက်မှာရော မညီမျှဘူး
အပေါ်သွေး အောက်သွေး မှာရော မညီမျှဘူး
အသံဆိုးတွေ နဲ့
နာမည်တစ်လုံးခြင်းဆီ ရွတ်ဖတ်
ဒီ ည မှာ စ လိုက် ရင်
စက်ခလုတ်ကို နှိပ်လိုက်တယ်ဆိုရင်ပဲ
ဖိနပ်တစ်ဖက်ပျောက်တယ် ။ ။

ရုပ်သေး
၂၃.၁၂.၂ဝဝ၉

ဇာတ်စင်




ဇာတ်ဆရာရဲ့ကံကြမ္မာတမ်းချင်းတစ်ပုဒ်ရဲ့
ဇာတ်လမ်းဇာတ်ကွက်ကိုအစအဆုံးပြန်ကြည့်မိတော့
ဇာတ်လိုက်မင်းသမီးမပါဝင်သလို
ဇာတ်လိုက်မင်းသားလည်းမပါခဲ့ပြန်ဘူး
ဇာတ်အစုံခင်းပြီးကရမှာလေဗျာ
ဇာတ်လမ်းဇာတ်ကွက်တွေကအလွတ်မရမှ
ဇာတ်ပို့နဲ့ဇာတ်ရံကိုအဓိကထားပြီးဆက်ကမယ်
ဇာတ်နာတဲ့အကြောင်းပစိပစပ်ပြောရင်းဆိုရင်းကပဲ
ဇတ်ဇတ်ဇိုးဇိုးထပ်ကကြမယ်ဆိုရင်
ဇာတ်သမားပြန်လို့မှတ်သားစရာပဲကျန်ခဲမှာပေါ့
ဇာတ်သိမ်းခန်းကောင်းဖို့လိုအပ်သလို
ဇာတ်အိမ်ဖွဲ့တည်မှုကအရေးပါအရာရောက်မှုရှိကြောင်း
ဇာတ်ဝင်ခန်းတိုင်းအငို၊အရယ်အပြုံးသက်ဝင်စေဖို့
ဇာတ်စင်အနောက်မှာကတည်းက
ဇာတ်တိုက်ထားဖို့လိုပါတယ်
ဇာတ်ဆရာရေ ဒီအရပ်နဲ့ဒီဇာတ်လိုက်အောင် ကဲ စလိုက်ရအောင်ဗျာ ။



အမည်မဲ့ (HOE) @ ( NAMELESS )


၂၃.၁၂.၂ဝဝ၉




ဇာတ်စင်

နောက်ကထွက်လာလိုက်
နောက်ကိုပြန်ဝင်သွားလိုက်နဲ့
ဒီလူမိုက်တွေဗိုက်ထဲထည့်လွယ်ထားရတယ် ။
ရင်ဘတ်တစ်ခုထဲက အန်ချလိုက်ပေမယ့်
အရည်လည်းပါတယ် အဖတ်လည်းပါတယ်
ဒါပါပဲ . . . .
ဟန်ဆောင်မှုကို ကျောပိုးထားရတဲ့ကောင်
လူစုံတက်စုံရှေ့ရောက်မှ
သူ့ကျောကို မီးနဲ့ထိုးပြ
သူအတွက်တော့ လက်ခုပ်သံမပါခဲ့ဘူး
သူ့ကျောပေါ်ခုန်ပေါက်ကြ
ကျိုးကျတော့ သူမခိုင်တာတဲ့
ကိုယ်တိုင်မှ မထမ်းရတာ
ဘယ်လောက်လေးတယ်ဆိုတာ မသိနိုင်ဘူး
ရှိစေတော့ . . . .
ဒီတစ်ညတော့ ဒီမျှပေါ့လေ . . . . . .
နောက်တစ်ညတော့ နောက်မှ တွေး
သူတို့လည်း နောက်ပွဲအတွက် ဇာတ်လမ်းရွေးပါစေဦး ။


ရိုးရာ
၂၃.၁၂.၂ဝဝ၉


ဇာတ်စင်

တကယ်တော့ ဒါဟာ..ကြိုတင်ကြံစည်မှုတခု မဟုတ်ခဲ့ပါဘူး...
လွဲတတ်တဲ့ အကြောင်းတရားတွေ မမှားဖြစ်ခဲ့ကြတဲ့အမှန်တွေကို ဖြောင့်ချက်ပေးရင်း...
ငါတို့ က ကျောချင်းကပ်ထားရက် က
အချင်းချင်း ပြန်သတ်မိခဲ့ကြတဲ့ လက်မရွံ့ တွေ...

ခင်ဗျားတခွန်း ကျုပ်တခွန်း ဘယ်နှခွန်းမှ အတင်မခံတော့လည်း...
ခင်ဗျားနဲ့ ကျုပ်ကြား ကိုယ့်ကိုကိုယ် ပိတ်ပေါက်ထားတဲ့ ခွန်းကြီး
၊ခွန်းငယ်တွေ သာများခဲ့...
စက္ခုအာရုံ တန်ခိုးနဲ့ ...အရာရာ ကိုအုပ်စိုးနေတဲ့ခေတ်ကြီးမှာ...
ခင်ဗျားက ကျုပ်လောက်မှ ကာလာမပြောင်တော့လဲ...
ဝေးလေ ခြားလေ..ခပ်ဝေးဝေးသာနေ...

လွဲမှာစိုးရင်းက လွဲသွား...ဝေးမှာစိုးရက်က ဝေးကွာ...
တကယ်တော့..
ခင်ဗျားနဲ့ ကျုပ်က အနားမညီခဲ့တဲ့ ထောင့်တထောင့်ပဲ ဖြစ်ခဲ့ကြတာပါ...

ဆန့် ကျင်ဘက် အရပ်တွေဆီသို့ စီးဖြာလျှက်ရှိကြတဲ့ မြစ်နှစ်စင်း..
ပေါင်းဆုံဆည်းဖို့ ဝေးတာ အရေးလား...
တကယ်က ဘာမှ မဟုတ်ပါဘူး...
အဲ့ဒီ ဘာမှ မဟုတ်တာကို ပဲ အရေးတယူ လုပ်နေတဲ့ ကျူပ်တို့ သာအရူး...

ဓါးချင်းဆိုင်ပြီးမှတော့ နောက်ဆုတ်လိုက်ဖို့ မဖြစ်နိုင်ဘူး…
ယုံကြည်ချက်မှားတဲ့ ဓါးသွားက ...ဝိဥာဉ်ကို ခြွေမယ့် မီးအိမ်…
ကဲ…
မျက်ရည်ကျတိုင်း လွမ်းတတ်စတမ်းလား…

တစ်ခါတစ်လေမှာ...
တန်ဖိုးလျော့ ကိန်းဂဏန်းတချို့ အကြောင်း ခင်ဗျားပါးစပ်က နှုတ်ထွက်စကား..
အဲ့ဒါ ခါးတယ်...
ရွေးချယ်မှုအကြောင်းကို ခင်ဗျားက အကျယ်တဝင့်ပြောတော့..
ကျူပ်က ဦးတည်ရာ ကိုမျက်နှာချင်းဆိုင်လွှဲခဲ့ကြတဲ့
အကြောင်း သတိတရရှိတယ်…

တကယ်တော့...
ပေးတိုင်းကောင်းတဲ့ အရာထဲမှာ "ကတိ" ဆိုတာ မပါခဲ့ဘူး...
ဒီလိုပဲ...အနာဂတ် ဆိုတာ...
ပြောတိုင်းကောင်းတဲ့ စကားတရပ် မဟုတ်ကြောင်း...
ခင်ဗျားသာ နားလည်တတ်ခဲ့ရင်.... ၊၊ ၊၊


နွေးနွေးသဲမွန်
၂၉.၁၂.၂ဝဝ၉