Tuesday, June 1, 2010

ကကြိုးပျောက်တဲ့ည

ကကြိုးပျောက်တဲ့ည

နွေရာသီကို ငါကြည့်မရတော့ဘူး

ကြယ်မကြွေဘူး

ငှက်ဆိုးတွေမအော်ဘူး

ဒါပေမယ့်

နွေရာသီကိုငါကြည့်မရတော့ဘူး။

 

ငါ့ဆီက ထွက်ခွါသွားချိန်နဲ့

ငါ့ဆီကိုပြန်ရောက်လာချိန်က

တစ်ထပ်တည်းကျနေတယ်

ကကြိုးရှင်ရယ်

ဒီပွဲက ကားလိပ်ချတာ သိပ်စောလွန်းတယ်။

 

ရှူး .. . တိုးတိုး

တိမ်တွေမအိပ်သေးဘူး

လမ်းတွေမအိပ်သေးဘူး

ငါလည်းမအိပ်သေးဘူး

အာရုဏ်တက်မှ နေ၀င်သွားပြန်ပြီ ။

 

လူတစ်ယောက်ရဲ့သမိုင်းမှာ

အနိုင်နဲ့ပိုင်းသွားတဲ့ဓါးချက်တွေ

ဘယ်လောက်များများပွင့်ဝေခဲ့ပြီလဲ

ငါ့ရင်ဘတ်ငါဆွဲလှန်ကြည့်တယ်

အော် . . . အဲဒီတောင်ယာလေးတောင်

ရိတ်သိမ်းခံခဲ့ရပြီပဲ။

 

သွားပါ.. .

ငါ့အနားကနေထွက်သွားပါ

တော်တော်ကြာ

ပန်းရထားနဲ့အခေါ်မှာ

နင်မပါပဲ ကျန်နေခဲ့ပါဦးမယ်။

 

အသိုက်ပျက်တဲ့လူငယ်တစ်ဦးရဲ့ဒိုင်ယာရီမှာ

နက်ဖြန်ခါတွေစုတ်ပြဲလို့

နင့်လမ်းနင်ဖြောင့်ဖြောင့်လျှောက်ပါကကြိုးရှင်

နေမ၀င်ခင် အိမ်ပြန်ရောက်ပါစေကွယ် ။